ဇွန် ၂၈၊ ၂၀၁၇
ရုရှား
ဒဲနစ္စ ခရစ်တန်ဆန်ကို စုံစမ်းမေးမြန်းခြင်း မရှိဘဲ ချုပ်နှောင်ထားလို့ အယူခံမှုကို တရားရုံးက ပယ်ချ
ဒဲနစ္စ ခရစ်တန်ဆန်ကို စုံစမ်းမေးမြန်းခြင်း မရှိဘဲ ချုပ်နှောင်ထားလို့ အယူခံတာကို ၂၀၁၇၊ ဇွန်လ ၂၁ ရက်နေ့မှာ အိုရွိုလ်ဒေသန္တရတရားရုံးက ပယ်ချလိုက်ပါတယ်။ ယေဟောဝါသက်သေများရဲ့ ဘာသာရေး ဝတ်ပြုအစည်းအဝေးတစ်ခုကို ဖယ်ဒရယ်လုံခြုံရေးဌာန (FSB) အဖွဲ့သားတွေနဲ့ မျက်နှာဖုံးစွပ် လက်နက်ကိုင်ရဲတွေ ဝင်ရောက်စီးနင်းခဲ့တဲ့ ၂၀၁၇၊ မေလ ၂၅ ရက်နေ့တုန်းက ဒိန်းမတ်နိုင်ငံသား မစ္စတာ ခရစ်တန်ဆန် အဖမ်းခံခဲ့ရပါတယ်။
ရုရှားနိုင်ငံမှာရှိတဲ့ ယေဟောဝါသက်သေတွေကို ရုရှားဖယ်ဒရေးရှင်း တရားရုံးချုပ်က “အစွန်းရောက်အဖွဲ့” လို့ ကြေညာပြီး ယေဟောဝါသက်သေများရဲ့ လုပ်ဆောင်မှုတွေကို ချက်ချင်း အဆုံးသတ်ဖို့ စီရင်ချက်ချခဲ့ပါတယ်။ မေလ ၂၅ ရက်နေ့တုန်းက သက်သေခံတွေရဲ့ ဘာသာရေးဝတ်ပြုမှုကို ဝင်ရောက်စီးနင်းတဲ့ ရဲတွေက အစွန်းရောက်ဝါဒကြောင့် တက်ရောက်ဝတ်ပြုသူတွေအနေနဲ့ ဖျက်သိမ်းထားတဲ့ အဖွဲ့အစည်းရဲ့ လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေမှုအတွက် စွဲချက်တင်ခံရမယ်လို့ ပြောဆိုခဲ့ကြပါတယ်။ FSB အနေနဲ့ မစ္စတာ ခရစ်တန်ဆန်အပေါ် အစွန်းရောက် စွဲချက်တွေ တင်ထားတဲ့အမှုကို တည်ဆောက်နိုင်အောင် ၂၀၁၇၊ ဇူလိုင်လ ၂၇ ရက်အထိ ချုပ်နှောင်ထားဖို့ တရားရုံးအမိန့် တောင်းခံထားပါတယ်။ တကယ်တော့ ခရစ်တန်ဆန်ဟာ ပြစ်မှုမှတ်တမ်း မရှိတဲ့ လူအေးတစ်ယောက်ပါ။
ယေဟောဝါသက်သေတွေဟာ တရားရုံးချုပ်ရဲ့ မတရားတဲ့စီရင်ချက်ကို အယူခံနေကြသလို ရုရှားဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥရောပ ပဋိညာဉ်စာတမ်းက အာမခံထားတဲ့အတိုင်း အဟန့်အတားမရှိ အေးအေးချမ်းချမ်း ဆက်လက်ကိုးကွယ်ပိုင်ခွင့်ကို ခုခံကာကွယ်ဖို့လည်း ပြင်ဆင်နေကြပါတယ်။