မာတိကာဆီ ကျော်သွား

၂၀၁၈ ခုနှစ်၊ မေ ၈ ရက်
အဇာဘိုင်ဂျန်

အီရီနာ ဇာကာချန်ကာနဲ့ ဗာလီဒါ ဂျာဘရာယီလိုဗာကို နစ်နာကြေးပေးဖို့ အဇာဘိုင်ဂျန် တရားရုံးချုပ် အတည်ပြု

အီရီနာ ဇာကာချန်ကာနဲ့ ဗာလီဒါ ဂျာဘရာယီလိုဗာကို နစ်နာကြေးပေးဖို့ အဇာဘိုင်ဂျန် တရားရုံးချုပ် အတည်ပြု

အီရီနာ ဇာကာချန်ကာနဲ့ ဗာလီဒါ ဂျာဘရာယီလိုဗာကို ၁၁ လကြာ မတရား ထောင်ချမှုအတွက် နစ်နာကြေးပေးဖို့ အောက်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အဇာဘိုင်ဂျန် တရားရုံးချုပ်က ၂၀၁၈၊ ဧပြီ ၁၆ ရက်နေ့မှာ အတည်ပြုပေးခဲ့တယ်။ ခွင့်ပြုချက် မရှိဘဲ ဘာသာရေးစာပေ ဝေငှမှုနဲ့ စွဲချက်တင်ခံရတဲ့ အမျိုးသမီးနှစ်ယောက်ကို တရားရုံးချုပ်က ၂၀၁၇၊ ဖေဖော်ဝါရီလတုန်းကလည်း တရားသေ လွှတ်ပေးခဲ့တယ်။ ဒါပေမဲ့ တရားရုံးချုပ်က နစ်နာကြေး ပေးတဲ့ကိစ္စကို အရပ်ဘက်တရားရုံးတွေလက်ထဲ လွှဲအပ်လိုက်တယ်။

စွဲချက်အားလုံး ကင်းလွတ်သွားပြီးနောက် ယေဟောဝါသက်သေတွေဖြစ်တဲ့ မစ္စ ဇာကာချန်ကာနဲ့ မစ္စ ဂျာဘရာယီလိုဗာတို့ဟာ မတရားမှုအတွက် နစ်နာကြေး တောင်းဆိုခဲ့ကြတယ်။ ၂၀၁၇၊ ဩဂုတ်လမှာ ခရိုင်တရားရုံးက သူတို့ကို နစ်နာကြေးပေးဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့တယ်။ ၂၀၁၇၊ နိုဝင်ဘာလမှာ အယူခံတရားရုံးက ခရိုင်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုပေးခဲ့တယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၁၈၊ ဖေဖော်ဝါရီလမှာ တရားရုံးချုပ်ဆီ ထပ်မံအယူခံပြီး အောက်ရုံးအမိန့် စီရင်ချက်ကို ဖျက်ပယ်ပေးဖို့ လျှောက်ထားခဲ့တယ်။ တရားရုံးချုပ်က ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အယူခံဝင်မှုကို ပယ်ချပြီး အမျိုးသမီးနှစ်ယောက်စလုံးကို နစ်နာကြေးပေးဖို့ ဆုံးဖြတ်ချက်ကို အတည်ပြုပေးခဲ့တယ်။

တရားရုံးချုပ်က မစ္စ ဇာကာချန်ကာနဲ့ မစ္စ ဂျာဘရာယီလိုဗာကို နစ်နာကြေးပေးဖို့ ဆုံးဖြတ်ပေးတဲ့အပြင် အစိုးရအရာရှိတွေကြောင့် ထိခိုက်နစ်နာခဲ့ကြကြောင်း၊ အာဏာပိုင်တွေဘက်က အခွင့်အာဏာ ကျော်လွန်လုပ်ဆောင်ပြီး အပြစ်မဲ့ အမျိုးသမီးနှစ်ယောက်အပေါ် လူ့အခွင့်အရေး ချိုးဖောက်ခဲ့ကြကြောင်း အသိအမှတ်ပြုခဲ့တယ်။