မာတိကာဆီ ကျော်သွား

၂၀၁၀ ခုနှစ်၊ အဇာဘိုင်ဂျန်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ညီအစ်ကို/မတချို့။ သူတို့ရဲ့ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်ခံရကြောင်း ECHR က ဆုံးဖြတ်ခဲ့

ဖေဖော်ဝါရီ ၂၇၊ ၂၀၂၀
အဇာဘိုင်ဂျန်

အဇာဘိုင်ဂျန်မှာ ECHR အနိုင်ရ

အဇာဘိုင်ဂျန်မှာ ECHR အနိုင်ရ

လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံး (ECHR) က အဇာဘိုင်ဂျန် ဘာသာရေး လွတ်လပ်ခွင့်နဲ့ဆိုင်တဲ့ ယေဟောဝါသက်သေတွေရဲ့ အမှုနှစ်ခုကို အနိုင်ပေးလိုက်တယ်။ ECHR ရဲ့ ဆုံးဖြတ်ချက်တွေကြောင့် နိုင်ငံတစ်ဝန်းမှာရှိတဲ့ ညီအစ်ကိုတွေ လွတ်လပ်စွာ ဝတ်ပြုခွင့် ပိုရပါလိမ့်မယ်။

၂၀၁၀ ကတည်းက ဆိုင်းငံ့ထားတဲ့ နာစီရို့ဗ်၊ အခြားသူများနဲ့ အဇာဘိုင်ဂျန် အမှု၊ ၂၀၀၉ ကတည်းက ဆိုင်းငံ့ထားတဲ့ ယေဟောဝါသက်သေ ဘာသာရေးအဖွဲ့နဲ့ အဇာဘိုင်ဂျန် အမှုတို့ကို ၂၀၂၀၊ ဖေဖော်ဝါရီ ၂၀ မှာ တရားရုံးက စီရင်ချက် ချလိုက်တယ်။ နာစီရို့ဗ် အမှုမှာ တရားရုံးက ဥရောပ ပဋိညာဉ်စာတမ်းပါ ပုဒ်မ ၅ နဲ့ ၉ (ပုဂ္ဂလိက လွတ်လပ်မှုနဲ့ ဘာသာရေး လွတ်လပ်မှု) ကို အဇာဘိုင်ဂျန် ချိုးဖောက်တယ်လို့ ဆုံးဖြတ်တယ်။ ၂၀၁၀ မှာ ယေဟောဝါသက်သေတွေ ဟောပြောလို့ ဆိုပြီး ပြစ်မှုမြောက်ကြောင်း သတ်မှတ်တာ၊ ထောင်ချတာ၊ ဒဏ်ငွေ တပ်တာတွေ ဆက်လုပ်နေတဲ့အတွက် ဖြစ်တယ်။ သက်သေခံတွေကို သိက္ခာ ကျဆင်းစေတဲ့အတွက် လျော်ကြေးအဖြစ် တစ်ဦးကို အမေရိကန် ဒေါ်လာ ၃,၂၃၅.၈၀ (ယူရို ၃,၀၀၀)၊ စုစုပေါင်း အမေရိကန် ဒေါ်လာ ၂၂,၆၅၀.၆၀ (ယူရို ၂၁,၀၀၀) တရားရုံးက ပေးခိုင်းတယ်။ ယေဟောဝါသက်သေ ဘာသာရေးအဖွဲ့ အမှုမှာတော့ ကျွန်တော်တို့ရဲ့ စာပေတချို့ တင်သွင်း ဖြန့်ချိတာကို ပိတ်ပင်တဲ့အတွက် ပဋိညာဉ်စာတမ်းပါ ပုဒ်မ ၁၀ (လွတ်လပ်စွာ ထုတ်ဖော်ခွင့်) ကို အဇာဘိုင်ဂျန် ချိုးဖောက်တယ်လို့ တရားရုံးက ဆုံးဖြတ်တယ်။

အမှုလိုက် ရှေ့နေ ဂျေစင် ဝိုက်စ်က “အဇာဘိုင်ဂျန်မှာရှိတဲ့ ယေဟောဝါသက်သေတွေဟာ နှစ်များတစ်လျှောက် ဘာသာရေးစာပေတွေ တင်သွင်း ဖြန့်ချိဖို့ ခက်ကြတယ်။ စာပေ တင်သွင်းခွင့် ရဖို့ အကြိမ်ပေါင်းမနည်း အမှုရင်ဆိုင်ခဲ့တယ်။ တခြားသူတွေကို ဟောပြောလို့ အဖမ်းခံခဲ့ရတဲ့ အမှုတွေလည်း မနည်းဘူး။ ECHR ရဲ့ ဆုံးဖြတ်ချက် နှစ်ခုက အဇာဘိုင်ဂျန်မှာရှိတဲ့ ယေဟောဝါသက်သေတွေအတွက် သမိုင်းမှတ်တိုင်ပါပဲ။ ယေဟောဝါသက်သေ ဘာသာရေးအဖွဲ့ အမှုမှာ ယေဟောဝါသက်သေတွေရဲ့ စာပေတွေဟာ တခြားဘာသာတွေကို အန္တရာယ်ပြုတဲ့၊ ဆိုးကျိုးပေးတဲ့ စာပေတွေ မဟုတ်ကြောင်း တရားရုံးက သတ်မှတ်တယ်။ နာစီရို့ဗ် အမှုမှာ ဘာသာရေး စာပေတွေကို အများပြည်သူပိုင် နေရာတွေမှာ ယေဟောဝါသက်သေ မဟုတ်သူတွေကို ဝေငှနိုင်ကြောင်း တရားရုံးက ထောက်ခံတယ်။ အဇာဘိုင်ဂျန်ရဲ့ ဘာသာရေး လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို တရားရုံးက ထောက်ခံလို့ ကျွန်တော်တို့ သိပ်ကျေနပ်တယ်” လို့ ပြောတယ်။

ညီအစ်ကို ဖမ်မေ နာစီရို့ဗ်က “အရင်တုန်းက ဒီနိုင်ငံမှာ အခက်အခဲ အတော်များတယ်။ ရဲတွေ ဖမ်းချုပ်တာ၊ ၄-၅ နာရီကြာ စစ်ဆေးမေးမြန်းတာတွေဆို မဆန်းတော့ဘူး။ ဒါပေမဲ့ ယေဟောဝါရဲ့ ထောက်မမှု၊ ညီအစ်ကိုတွေရဲ့ ကြိုးစားမှုတွေကြောင့် ဒါမျိုး မရှိတော့ဘူး။ အခု လွတ်လွတ်လပ်လပ် ဟောနိုင်ပြီ” လို့ ပြောတယ်။

ECHR ဆုံးဖြတ်ချက် မချခင်ကတည်းက ညီအစ်ကိုတွေဟာ အဇာဘိုင်ဂျန်မှာ လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်ခွင့် ပိုရနေပါပြီ။ အစိုးရက စာပေ တင်သွင်းခွင့်၊ ဖြန့်ချိခွင့် ပြုလိုက်ပြီ။ ၂၀၁၇၊ ဇန်နဝါရီကတည်းက အစည်းအဝေးတွေ တက်လို့ ဒဏ်တပ်တာတွေ မရှိတော့ဘူး။ ဘာကူမြို့၊ ဝတ်ပြုရာခန်းမ သုံးလုံးအပြင် နိုင်ငံတစ်ဝန်းက နေအိမ်တွေမှာပါ အစည်းအဝေးတွေ ကျင်းပနေပါပြီ။ ၂၀၁၅ ကစပြီး အဇာဘိုင်ဂျန်ရဲ့ ဘာသာရေး မှတ်ပုံတင်ခြင်းနဲ့ စည်းမျဉ်းထိန်းချုပ်ခြင်း အစိုးရအေဂျင်စီ ဖြစ်တဲ့ ဘာသာရေးအသင်းအဖွဲ့ လုပ်ငန်းဆိုင်ရာ နိုင်ငံတော်ကော်မတီက ယေဟောဝါသက်သေတွေ ငှားရမ်းထားတဲ့ ခန်းမမှာ ခရစ်တော်ရဲ့ သေခြင်း အောက်မေ့ရာပွဲ၊ အစည်းအဝေးကြီး၊ စည်းဝေးပွဲတွေ ကျင်းပတာကို ခွင့်ပြုခဲ့တယ်။

တရားရုံးရဲ့ ဆုံးဖြတ်ချက်ကောင်းတွေအတွက်၊ အဇာဘိုင်ဂျန်က ညီအစ်ကို/မတွေကို ဆက်ထောက်မပေးနေတဲ့အတွက် ယေဟောဝါကို ကျွန်တော်တို့ အလွန် ကျေးဇူးတင်ကြပါတယ်။—ဆာလံ ၉၈:၁