မာတိကာဆီ ကျော်သွား

ကျမ်းပိုဒ် ရှင်းပြချက်များ

ဗျာဒိတ် ၂၁:၄—“ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်”

ဗျာဒိတ် ၂၁:၄—“ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်”

 “ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်းရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။ အရင်ကဖြစ်ဖူးတာတွေ ကွယ်ပျောက်သွားပြီ။”—ဗျာဒိတ် ၂၁:၄ကမ္ဘာသစ်ဘာသာပြန်ကျမ်း။

 “ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”—ဗျာဒိတ် ၂၁:၄၊ ယုဒသန်ကျမ်း။

ဗျာဒိတ် ၂၁:၄ ရဲ့ အဓိပ္ပာယ်

 လူတွေ လက်ရှိကြုံနေရတဲ့ ဒုက္ခပြဿနာတွေကိုသာမက ဒီပြဿနာအားလုံးရဲ့ ရင်းမြစ်ကိုပါ ဖယ်ရှားပေးမယ်လို့ ဘုရားသခင် ကတိပေးနေတာ ဖြစ်တယ်။

 “ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။” “လူအားလုံးရဲ့ မျက်ရည်ကို သုတ်ပေးမယ်” ဆိုပြီး ပရောဖက် ဟေရှာယ မှတ်တမ်းတင်ခဲ့တဲ့ ယေဟောဝါ aရဲ့ ကတိတော်ကို အတည်ပြုနေတာပါ။ (ဟေရှာယ ၂၅:၈။ ဗျာဒိတ် ၇:၁၇) ချစ်ရသူ ဆုံးပါးသွားတာကြောင့် ဒါမှမဟုတ် တခြား ဒုက္ခဝေဒနာတွေကြောင့် မျက်ရည်ကျ ငိုကြွေးနေသူတွေအပေါ် ဘုရားသခင် တယုတယ ဖေးမပေးပုံကို ဒီအသုံးအနှုန်းက ပေါ်လွင်ထင်ရှားစေတယ်။

 “သေခြင်းရှိတော့မှာ မဟုတ်ဘူး။” ဒီဝါကျကို “သေခြင်းဆိုတဲ့ အရာ ပျောက်ကွယ်သွားလိမ့်မယ်၊” “ဘယ်သူမှ သေရတော့မှာ မဟုတ်ဘူး” လို့လည်း ပြန်ဆိုနိုင်ပါတယ်။ သေခြင်းနဲ့ သေခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်နာကျင်မှုမှန်သမျှကို အပြီးပိုင် ဖယ်ရှားမယ်လို့ ဘုရားသခင် ကတိပေးနေတာပါ။ ဒါ့အပြင် သေသွားတဲ့သူတွေကိုလည်း ရှင်ပြန်ထမြောက်ပေးမယ်။ (၁ ကောရိန္သု ၁၅:၂၁၊ ၂၂) ဒီနည်းနဲ့ သေခြင်းဟာ “ဖျက်ဆီးခံရလိမ့်မယ်။”—၁ ကောရိန္သု ၁၅:၂၆

 “ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။” နာကျင်မှုမှန်သမျှကို ခံစားနိုင်စွမ်း ကွယ်ပျောက်သွားမယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး။ ဥပမာ၊ အန္တရာယ်ကို သဘာဝအလျောက် အချက်ပေးတဲ့ နာကျင်မှုကို ခံစားနိုင်စွမ်း ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ အပြစ် bနဲ့ မစုံလင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုပိုင်း၊ ကာယပိုင်း နာကျင်မှုတွေ ပျောက်ကွယ်သွားမယ်လို့ ဆိုလိုနေတာပါ။—ရောမ ၈:၂၁၊ ၂၂

 “အရင်ကဖြစ်ဖူးတာတွေ ကွယ်ပျောက်သွားပြီ။” ဒီနောက်ဆုံးဝါကျက လူသားတွေ ကြုံတွေ့မယ့် အပြောင်းအလဲကြီးအကြောင်း အကျဉ်းချုပ်ဖော်ပြတယ်။ ကိုးကားစာအုပ်တစ်အုပ်မှာ ဒီလိုဆိုတယ်– “လူမှန်ရင် မလွဲမသွေ ကြုံရတဲ့ သေခြင်း၊ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့ရဲ့ နေရာမှာ လုံးဝမတူတဲ့ ဘဝပုံစံသစ်တစ်ခု အစားထိုးလိမ့်မယ်။” ဘုရားသခင် အစကတည်းက ရည်ရွယ်ထားတဲ့အတိုင်း ကမ္ဘာပေါ်မှာ ပြီးပြည့်စုံလင်တဲ့ အခြေအနေအောက် လူသားတွေ ထာဝစဉ် အသက်ရှင်သွားမယ်။—ကမ္ဘာဦး ၁:၂၇၊ ၂၈

ဗျာဒိတ် ၂၁:၄ ရဲ့ အထက်အောက်စကား

 အခန်းကြီး ၂၁ အစမှာ တမန်တော် ယောဟန်က “ကောင်းကင်သစ်နဲ့ မြေကြီးသစ်ကို ကျွန်တော် မြင်တယ်” ဆိုပြီး မြင်တွေ့ရတဲ့ စိတ်အာရုံအကြောင်း ရေးသားခဲ့တယ်။ (ဗျာဒိတ် ၂၁:၁) အပြောင်းအလဲကြီးတစ်ခုဖြစ်မယ့်အကြောင်း ပုံဆောင်စကားတွေနဲ့ ရေးသားထားတာပါ။ တခြားကျမ်းချက်တွေမှာ အလားတူ ကြိုဟောထားတယ်။ (ဟေရှာယ ၆၅:၁၇။ ၆၆:၂၂။ ၂ ပေတရု ၃:၁၃) “ကောင်းကင်သစ်” ဟာ ကောင်းကင်မှာတည်ရှိတဲ့ ဘုရားသခင့်အစိုးရဖြစ်ပြီး “မြေကြီးသစ်” ဟာ ကမ္ဘာပေါ်က လူ့ဘောင်အဖွဲ့အစည်းအသစ် ဖြစ်တယ်။ ဘုရားသခင့်အစိုးရက လူ့အစိုးရအားလုံးနေရာမှာ အစားထိုးပြီး လူ့ဘောင်သစ်ကို အုပ်ချုပ်သွားပါမယ်။ —ဟေရှာယ ၆၅:၂၁-၂၃

 ဒီစိတ်အာရုံက ကမ္ဘာမြေအကြောင်း ပြောနေမှန်း ဘယ်လိုသိရသလဲ။ ပထမတစ်ချက်အနေနဲ့ “ဘုရားသခင်ရဲ့ တဲတော်ဟာ လူတွေနဲ့အတူ ရှိပြီး” ဆိုတဲ့ စကားနဲ့ အစပြုထားလို့ ကောင်းကင်မှာရှိတဲ့ ကောင်းကင်တမန်တွေအတွက် မဟုတ်ဘဲ မြေကြီးပေါ်က လူသားတွေအတွက် ကတိပေးနေတယ်ဆိုတာ သိရတယ်။ (ဗျာဒိတ် ၂၁:၃) ဒုတိယတစ်ချက်အနေနဲ့ “သေခြင်းရှိတော့မှာ မဟုတ်ဘူး” လို့ ပြောထားလို့ပါ။ (ဗျာဒိတ် ၂၁:၄) ကောင်းကင်မှာ သေခြင်း ဘယ်တုန်းကမှ မရှိခဲ့ဘူး။ သေခြင်းတရားကို ကမ္ဘာပေါ်က လူသားတွေပဲ ကြုံရတာ။ (ရောမ ၅:၁၄) ဒါကြောင့် ဒီကျမ်းချက်က ကမ္ဘာမြေရဲ့ အနာဂတ်အကြောင်း ပြောနေတာလို့ ကောက်ချက်ချတာ ယုတ္တိရှိပါတယ်။

 ဗျာဒိတ်ကျမ်း ခြုံငုံသုံးသပ်ချက်ကို သိနိုင်ဖို့ ဒီဗီဒီယိုကို ကြည့်ပါ။

a ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ ကိုယ်ပိုင်နာမည်ဖြစ်တယ်။ (ဆာလံ ၈၃:၁၈) “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆောင်းပါးကို ကြည့်ပါ။

b ကျမ်းစာအရ အပြစ်ဆိုတာ ဘုရားသခင့်စံနှုန်းတွေနဲ့ ဆန့်ကျင်တဲ့ အပြုအမူ၊ ခံစားချက်၊ အတွေးအခေါ်အားလုံး ဖြစ်တယ်။ (၁ ယောဟန် ၃:၄) “အပြစ်ဆိုတာ ဘာလဲ” ဆောင်းပါးကို ကြည့်ပါ။