ကျမ်းပိုဒ် ရှင်းပြချက်များ
မာကု ၁:၁၅—“ဘုရားသခင်၏ နိုင်ငံတော်သည် တည်လုနီးပြီ”
“သတ်မှတ်ထားချိန် ရောက်ပြီ။ ဘုရားသခင်ရဲ့ နိုင်ငံတော် နီးနေပြီ။ နောင်တရကြပါ။ သတင်းကောင်းကို ယုံကြည်ကြပါ။”—မာကု ၁:၁၅၊ ကမ္ဘာသစ်ဘာသာပြန်ကျမ်း။
“အချိန်ပြည့်စုံပြီ၊ ဘုရားသခင်၏ နိုင်ငံတော်သည် တည်လုနီးပြီ၊ နောင်တရကြလော့။ ဧဝံဂေလိတရားကို ယုံကြည်ကြလော့။”—မာကု ၁:၁၅၊ ယုဒသန်ကျမ်း။
မာကု ၁:၁၅ ရဲ့ အဓိပ္ပာယ်
ဘုရားသခင်ရဲ့ နိုင်ငံတော် a “တည်လုနီးပြီ၊” “နီးနေပြီ” လို့ ယေရှုခရစ် ပြောခဲ့တယ်။ အကြောင်းကတော့ ဘုရားသခင့် နိုင်ငံတော်ရဲ့ အနာဂတ် ဘုရင်ဖြစ်သူ ယေရှု သူတို့နဲ့အတူ ရှိနေလို့ပဲ။
နိုင်ငံတော် စပြီးအုပ်ချုပ်နေပြီလို့ ယေရှု ဆိုလိုတာ မဟုတ်ဘူး။ နောက်ပိုင်း တပည့်တွေနဲ့ စကားပြောချိန်မှာ ဘုရားနိုင်ငံတော်က အနာဂတ်မှာ တည်ထောင်မှာ ဖြစ်ကြောင်း ဖော်ပြခဲ့တယ်။ (တမန်တော် ၁:၆၊ ၇) ဒါပေမဲ့ ယေရှုဟာ အနာဂတ် ဘုရင်အနေနဲ့ ကျမ်းစာမှာ ကြိုဟောထားတဲ့ နှစ်မှာ ပေါ်ထွန်းခဲ့တယ်။ b ဒါကြောင့် “သတ်မှတ်ထားချိန် ရောက်ပြီ” လို့ ယေရှု ပြောနိုင်ခဲ့တယ်။ နိုင်ငံတော်နဲ့ပတ်သက်တဲ့ ဧဝံဂေလိသတင်း၊ သတင်းကောင်းကို စဟောပြောရမယ့် အချိန် ရောက်ပြီ ဖြစ်လို့ပဲ။—လုကာ ၄:၁၆-၂၁၊ ၄၃။
နိုင်ငံတော် သတင်းကောင်းကနေ အကျိုးရဖို့အတွက် လူသားတွေဟာ နောင်တရဖို့ လိုတယ်။ ဆိုလိုတာက အရင်က လုပ်ခဲ့တဲ့ အပြစ်တွေအတွက် စိတ်မကောင်းဖြစ်ပြီး ဘုရားစံနှုန်းနဲ့အညီ ပြန်နေထိုင်ခြင်း ဖြစ်တယ်။ နောင်တရသူတွေဟာ အနာဂတ် နိုင်ငံတော်နဲ့ပတ်သက်တဲ့ သတင်းကောင်းကို ယုံကြည်ကြောင်း တင်ပြကြတယ်။
မာကု ၁:၁၅ အထက်အောက်စကား
ယေရှုက ဒီစကားတွေကို ဂါလိလဲနယ်မှာ အမှုဆောင်လုပ်ငန်း စတင်တဲ့ အချိန်မှာ ပြောခဲ့တာ ဖြစ်တယ်။ ကျမ်းပြိုင်မှတ်တမ်း ဖြစ်တဲ့ မဿဲ ၄:၁၇ မှာ “အဲဒီအချိန်ကစပြီး” ယေရှုက ဘုရားသခင့် နိုင်ငံတော်အကြောင်း ဟောပြောတယ်လို့ ဖော်ပြထားတယ်။ ဘုရားနိုင်ငံတော်က ယေရှု အမှုဆောင်လုပ်ငန်းရဲ့ အဓိက အကြောင်းအရာ ဖြစ်တယ်။ ခရစ်ဝင်ကျမ်း c လေးကျမ်းမှာ ဘုရားနိုင်ငံတော်ဆိုတာ အကြိမ် ၁၀၀ ကျော် ပါတယ်။ အများစုက ယေရှု ပြောတဲ့ စကားထဲမှာ ပါတာ ဖြစ်တယ်။ ကျမ်းစာမှတ်တမ်းအရ တခြားအကြောင်းအရာတွေထက် ဘုရားနိုင်ငံတော်အကြောင်းကို ယေရှု ပိုပြောခဲ့တယ်။
မာကု အခန်းကြီး ၁ ကို အောက်ခြေမှတ်ချက်တွေ၊ ပြန်လှန်အညွှန်းတွေ၊ ရုပ်ပုံတွေ၊ မြေပုံနဲ့အတူ ဖတ်ပါ။
a ဘုရားသခင့် နိုင်ငံတော်ဆိုတာ ဘုရားသခင့် အလိုတော်ကို ကမ္ဘာမြေမှာ ပြည့်စုံအောင် လုပ်ဆောင်ပေးမယ့် ကောင်းကင်မှာ တည်ထောင်တဲ့ အစိုးရ ဖြစ်တယ်။ (ဒံယေလ ၂:၄၄။ မဿဲ ၆:၁၀) အသေးစိတ် အချက်အလက်ကို “ဘုရားသခင့် နိုင်ငံတော်ဆိုတာ ဘာလဲ” ဆောင်းပါးမှာ ကြည့်ပါ။
b ကြိုဟောထားတဲ့ မေရှိယ၊ ဘုရားသခင့် အထူးကိုယ်စားလှယ်အဖြစ် မိမိရဲ့ တာဝန်ကို လုပ်ဆောင်ဖို့ ယေရှု ဘုရင် ဖြစ်လာခဲ့တယ်။ ယေရှုဟာ မေရှိယ ဖြစ်ကြောင်း ညွှန်ပြပေးတဲ့ ကျမ်းစာ ပရောဖက်ပြုချက်တွေအကြောင်း ပိုသိချင်ရင် “ယေရှုဟာ မေရှိယဖြစ်ကြောင်း မေရှိယနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်တွေက သက်သေထူပါသလား” ကို ကြည့်ပါ။
c ခရစ်ဝင်ကျမ်းတွေဆိုတာ ဓမ္မသစ်ကျမ်းလို့ အများခေါ်ဆိုတဲ့ ခရစ်ယာန် ဂရိကျမ်းစောင်တွေထဲက ပထမကျမ်းလေးကျမ်းကို ခေါ်တာ ဖြစ်တယ်။ လေးကျမ်းစလုံးမှာ ယေရှုရဲ့ ဘဝနဲ့ အမှုဆောင်လုပ်ငန်းအကြောင်း ဖော်ပြထားတယ်။