ကျမ်းပိုဒ် ရှင်းပြချက်များ
မဿဲ ၁၁:၂၈-၃၀— “ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်”
“ဝန်ပိလို့ ပင်ပန်းနေသူတို့၊ ကျွန်တော့်ဆီ လာကြပါ။ ခင်ဗျားတို့ကို လန်းဆန်းစေမယ်။ ကျွန်တော့်ထမ်းပိုးကို ထမ်းပြီး ကျွန်တော့်ဆီကနေ သင်ယူကြပါ။ ကျွန်တော်ဟာ နူးညံ့သိမ်မွေ့ပြီး စိတ်နှိမ့်ချတယ်။ ခင်ဗျားတို့ လန်းဆန်းရလိမ့်မယ်။ ကျွန်တော့်ထမ်းပိုးဟာ ထမ်းလွယ်တယ်။ ဝန်လည်း ပေါ့ပါတယ်။”—မဿဲ ၁၁:၂၈-၃၀၊ ကမ္ဘာသစ်ဘာသာပြန်ကျမ်း။
“ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။ ငါ့ထမ်းပိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့ နှိမ့်ချသော စိတ်သဘော ရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။ အကြောင်းမူကား၊ ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏။”—မဿဲ ၁၁:၂၈-၃၀၊ ယုဒသန်ကျမ်း။
မဿဲ ၁၁:၂၈-၃၀ ရဲ့ အဓိပ္ပာယ်
ယေရှုက ကျွန်တော့်ဆီ လာကြပါလို့ နားထောင်နေသူတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်။ မိမိဆီကနေ သင်ယူရင် လန်းဆန်းမယ်၊ စိတ်သက်သာရာရမယ်လို့ အာမခံတယ်။
“ဝန်ပိလို့ ပင်ပန်းနေသူတို့၊ ကျွန်တော့်ဆီ လာကြပါ။” ဘာသာရေး ခေါင်းဆောင်တွေ ချမှတ်ထားတဲ့ စည်းမျဉ်းတွေ၊ လူ့ထုံးတမ်းစဉ်လာတွေအောက် “ဝန်ပိ” နေသူတွေကို ယေရှု လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်နေတာပါ။ (မဿဲ ၂၃:၄။ မာကု ၇:၇) ဒီသာမန်လူတွေဟာ စားဝတ်နေရေးအတွက် ရုန်းကန်ကြရလို့လည်း ဝန်ပိပြီး ပင်ပန်းနေကြတယ်။
“ခင်ဗျားတို့ကို လန်းဆန်းစေမယ်။” ဒီဖိတ်ခေါ်ချက် လက်ခံသူတွေကို လန်းဆန်းစေမယ်၊ သက်သာရာရစေမယ်လို့ ယေရှု ကတိပေးတယ်။ သူတို့ကို ဘုရား ဘာလုပ်စေချင်တယ်ဆိုတာ နားလည်အောင် ကူညီခြင်းအားဖြင့် လန်းဆန်းစေခဲ့တယ်။ (မဿဲ ၇:၂၄၊ ၂၅) နားလည်လာတာနဲ့အမျှ အယူအဆမှားတွေ၊ ဘာသာရေးထုံးစံတွေရဲ့ အချုပ်အနှောင်ကနေ လွတ်မြောက်လာကြတယ်။ (ယောဟန် ၈:၃၁၊ ၃၂) ယေရှုရဲ့ သွန်သင်ချက်တွေကို နားလည်၊ ကျင့်သုံးဖို့ ကြိုးစားအားထုတ်ရပေမဲ့ တကယ် လန်းဆန်းမှု ရကြတယ်။
“ကျွန်တော့်ထမ်းပိုးကို ထမ်းပြီး ကျွန်တော့်ဆီကနေ သင်ယူကြပါ။” ကျမ်းစာခေတ်က အလုပ်သမားတွေဟာ ပခုံးပေါ် သစ်သားထမ်းပိုး တင်ပြီး ဝန်စည်တွေကို ထမ်းလေ့ရှိတယ်။ ဒါကြောင့် “ထမ်းပိုး” ဆိုတဲ့ စကားလုံးဟာ တခြားသူရဲ့ သြဇာ၊ ညွှန်ကြားမှု ခံယူတာကို ဆိုလိုတယ်။ (ဝတ်ပြုရာ ၂၆:၁၃။ ဟေရှာယ ၁၄:၂၅။ ယေရမိ ၂၈:၄) “ကျွန်တော့်ဆီကနေ သင်ယူကြပါ” ဆိုတဲ့ အသုံးအနှုန်းကို “ကျွန်တော့်တပည့် ဖြစ်လာကြပါ” လို့လည်း ပြန်ဆိုနိုင်တယ်။ ဒါကြောင့် မိမိနောက် လိုက်ခြင်း၊ အတုယူခြင်းအားဖြင့် တပည့်ဖြစ်လာကြဖို့ နားထောင်နေသူတွေကို ယေရှု အားပေးနေခြင်း ဖြစ်တယ်။—ယောဟန် ၁၃:၁၃-၁၅။ ၁ ပေတရု ၂:၂၁။
“ခင်ဗျားတို့ လန်းဆန်းရလိမ့်မယ်။” ဖိနှိပ်မှုအားလုံးကို ချက်ချင်း ဖယ်ရှားပေးမယ်လို့ ယေရှု ကတိပေးနေတာ မဟုတ်ဘူး။ ဒါပေမဲ့ တရားစကား ကြားနာသူတွေ စိတ်သက်သာမှု၊ မျှော်လင့်ချက် ရှိလာအောင် ကူညီပေးတယ်။ (မဿဲ ၆:၂၅-၃၂။ ၁၀:၂၉-၃၁) ဘုရားအမှုဆောင်ရတာ ဝန်ထုပ်ဝန်ပိုး မဟုတ်ဘဲ စစ်မှန်တဲ့ စိတ်ကျေနပ်မှု ရစေမှန်း ယေရှုတပည့် ဖြစ်လာသူတွေ၊ သွန်သင်ချက်ကို လက်ခံသူတွေ သိလာကြတယ်။—၁ ယောဟန် ၅:၃။
“ကျွန်တော့်ထမ်းပိုးဟာ ထမ်းလွယ်တယ်။ ဝန်လည်း ပေါ့ပါတယ်။” ယေရှုဟာ မိမိခေတ်က ဘာသာရေး ခေါင်းဆောင်တွေနဲ့ မတူဘဲ နှိမ့်ချပြီး နူးညံ့သိမ်မွေ့တယ်။ (ယောဟန် ၇:၄၇-၄၉) တစ်ခါမှ ရက်ရက်စက်စက်၊ မညှာမတာ မပြုမူဘူး။ သနားကြင်နာတယ်။ ချဉ်းကပ်ရ လွယ်ကူတယ်။ နောက်လိုက်တွေကို မတန်တဆ မတောင်းဆိုဘူး။ (မဿဲ ၇:၁၂။ မာကု ၆:၃၄။ လုကာ ၉:၁၁) ဘုရားကရုဏာ ခံစားနိုင်အောင်၊ အမှားအမှန်သိစိတ် ကြည်လင်ပြီး စိတ်ပေါ့ပါးနိုင်အောင် ဘာတွေ လုပ်ဆောင်ရမလဲဆိုတာ သင်ပေးတယ်။ (မဿဲ ၅:၂၃၊ ၂၄။ ၆:၁၄) ယေရှုရဲ့ နှစ်သက်စရာ အရည်အသွေးတွေကြောင့် လူတွေက သဘောကျတဲ့အပြင် ပေါ့ပါးတဲ့ ထမ်းပိုးကို ထမ်းချင်လာကြတယ်။ ယေရှုရဲ့ တပည့် ဖြစ်ချင်လာကြတယ်။
မဿဲ ၁၁:၂၈-၃၀ ရဲ့ အထက်အောက်စကား
အေဒီ ၃၁၊ ဂါလိလဲနယ်မှာ လှည့်လည်ဟောပြောနေချိန် မဿဲ ၁၁:၂၈-၃၀ ပါစကားတွေကို ယေရှု ပြောခဲ့တယ်။ တမန်တော် မဿဲဟာ အဲဒီစကားတွေကို မှတ်တမ်းတင်တဲ့ တစ်ဦးတည်းသော ခရစ်ဝင်ကျမ်းရေးသူ ဖြစ်တယ်။ အခွန်ခံ လုပ်ခဲ့ဖူးတဲ့ ဂျူးတစ်ယောက် ဖြစ်လို့ ရောမ အခွန်ကောက်စနစ်၊ အကျင့်ပျက်ခြစားနေတဲ့ ဂျူးဘာသာရေး စနစ်အောက် သာမန်လူတွေ ဘယ်လောက် ဖိနှိပ်ခံရမှန်း သိတယ်။ ဒါကြောင့် ယေရှု အဖဘုရား ယေဟောဝါ a ပေးတဲ့ အခွင့်အာဏာကို သုံးပြီး အနှိမ်ခံတွေကို ဖိတ်ခေါ်နေတာ တွေ့ရလို့ အားရှိခဲ့မှာပဲ။—မဿဲ ၁၁:၂၅-၂၇။
မဿဲ ခရစ်ဝင်ကျမ်းက ကတိထားရာ မေရှိယ၊ ဘုရားနိုင်ငံတော် ဘုရင်လောင်းအနေနဲ့ ယေရှု ပြခဲ့တဲ့ ထူးခြားတဲ့ အရည်အသွေးတွေကို ပေါ်လွင်စေတယ်။—မဿဲ ၁:၂၀-၂၃။ ဟေရှာယ ၁၁:၁-၅။
မဿဲကျမ်း ခြုံငုံသုံးသပ်ချက်ကို သိနိုင်ဖို့ ဒီဗီဒီယိုတိုကို ကြည့်ပါ။
a ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ နာမည် ဖြစ်တယ်။ (ဆာလံ ၈၃:၁၈) “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆောင်းပါးကို ဖတ်ပါ။