လူငယ်များအမေး
စိတ်ကျဝေဒနာကို ရင်ဆိုင်ဖြေရှင်းနိုင်ပုံ
ဖြေရှင်းနိုင်တဲ့ နည်းလမ်းကောင်းတွေက သင့်ကို များစွာ အကျိုးပြုပါလိမ့်မယ်။
သင် ဘာလုပ်မလဲ
ဒီအဖြစ်အပျက်တွေကို သုံးသပ်ကြည့်ပါ–
ဂျနီဖာကို ဘာကမှ ပျော်အောင် မလုပ်နိုင်တော့ဘူး။ အကြောင်းပြချက် မည်မည်ရရ မရှိဘဲ နေ့တိုင်း ငိုနေတတ်တယ်။ လူတွေကို ရှောင်နေတတ်ပြီး အစားလည်း ကောင်းကောင်း မစားတော့ဘူး။ အိပ်ပျော်ဖို့၊ အာရုံစိုက်ဖို့လည်း ခက်လာတယ်။ ‘ငါ ဘာတွေများ ဖြစ်နေပါလိမ့်။ အရင်လိုကော ပြန်ဖြစ်ပါဦးမလား’ လို့ သူတွေးမိတယ်။
မာ့ခ်ဟာ စံပြကျောင်းသားလေး ဖြစ်ဖူးတယ်။ အခုတော့ ကျောင်းမတက်ချင်တော့ဘူး၊ အဆင့်တွေလည်း ကျလာတယ်။ တစ်ချိန်က နှစ်သက်ခဲ့တဲ့ အားကစားတွေ လုပ်ဖို့လည်း အားမရှိဘူး။ သူ့ သူငယ်ချင်းတွေ၊ မိဘတွေလည်း စိုးရိမ်နေကြတယ်။ ဒီလိုဖြစ်တာက ခဏပဲလား ဒါမှမဟုတ် အဲဒီထက် ပိုဆိုးလာမလား။
ဂျနီဖာနဲ့ မာ့ခ်လို သင်လည်း ခံစားရသလား။ အဲဒီလိုဖြစ်နေတယ်ဆိုရင် ဘာလုပ်နိုင်သလဲ။ ဒီနှစ်ချက်ထဲက တစ်ခုကို လုပ်မိနိုင်တယ်–
က။ ကိုယ့်ဘာသာ ဖြေရှင်းတယ်
ခ။ ယုံကြည်စိတ်ချရတဲ့သူကို ပြောပြတယ်
အထူးသဖြင့် စကားမပြောချင်တဲ့အခါ ပထမတစ်ခုကို လုပ်မိနိုင်တယ်။ ဒါပေမဲ့ အဲဒါက တကယ်ပဲ ကောင်းသလား။ “လူတစ်ယောက်ထက် နှစ်ယောက်က ပိုကောင်းတယ်။ . . . တစ်ယောက်လဲရင် ကျန်တဲ့တစ်ယောက်က ပြန်ထူပေးလိမ့်မယ်။ တစ်ယောက်တည်းသမားက ထူမယ့်သူမရှိတော့ လဲသွားရင် ဘယ်လိုလုပ်မလဲ” လို့ ကျမ်းစာမှာ ဆိုထားတယ်။—ဒေသနာ ၄:၉၊ ၁၀။
ဥပမာ၊ ရာဇဝတ်မှုများတဲ့ ရပ်ကွက်တစ်ခုမှာ သင် လမ်းပျောက်နေတယ် ဆိုပါစို့။ လမ်းထောင့်တိုင်းမှာ မှောင်ရိပ်ခိုပြီး ချောင်းနေတဲ့သူတွေလည်း ရှိတယ်။ အဲဒီတော့ ဘာလုပ်မလဲ။ ကိုယ့်ဘာသာကိုယ် လွတ်လမ်း ရှာမိနိုင်တယ်။ အဲဒီအစား ယုံကြည်စိတ်ချရတဲ့သူတစ်ယောက်ကို အကူအညီ တောင်းလိုက်တာ ပိုမကောင်းဘူးလား။
စိတ်ကျဝေဒနာ ခံစားချက်က အဲဒီလိုနေရာမျိုးကို ရောက်နေတာနဲ့ တူတယ်။ ဝမ်းနည်းတဲ့ ခံစားချက်က သူ့ဘာသာ ပျောက်သွားနိုင်ပါတယ်။ ဒါပေမဲ့ အချိန်အကြာကြီး စိတ်ဓာတ်ကျနေတယ် ဆိုရင်တော့ အကူအညီယူတာ အကောင်းဆုံးပဲ။
ကျမ်းစာအကြံပြုချက်– “တစ်သီးပုဂ္ဂလနေတဲ့သူဟာ . . . လက်တွေ့ကျ ဉာဏ်ပညာမှန်သမျှကို ငြင်းပယ်တတ်တယ်။”—သုတ္တံ ၁၈:၁။
မိဘ ဒါမှမဟုတ် ယုံကြည်စိတ်ချရသူကို ပြောပြပါဆိုတဲ့ ဒုတိယတစ်ခုကို လုပ်ရင် ထိန်းချုပ်ရခက်တဲ့ ခံစားချက်တွေကို ဖြေရှင်းခဲ့ဖူးသူရဲ့ အတွေ့အကြုံကနေ အကျိုးရနိုင်တယ်။
‘ဒီခံစားချက်ကို မိဘတွေ နားလည်မှာ မဟုတ်ပါဘူး’ လို့ ပြောကောင်းပြောမယ်။ တကယ်ကော သေချာလို့လား။ မိဘတွေ ဆယ်ကျော်သက် အရွယ်တုန်းက အခြေအနေနဲ့ သင်ကြုံနေတဲ့ အခြေအနေ မတူရင်တောင် ခံစားချက်ချင်းတော့ တူနေနိုင်တယ်။ ဒါ့အပြင် ဖြေရှင်းနည်းကို သူတို့ သိနေနိုင်တယ်။
ကျမ်းစာအကြံပြုချက်– “အသက်ကြီးသူဆီမှာ ဉာဏ်ပညာရှိပြီး အသက်ရှည်သူဆီမှာ သိနားလည်မှုရှိတယ် မဟုတ်လား။”—ယောဘ ၁၂:၁၂။
အဓိကအချက်– မိဘ ဒါမှမဟုတ် ယုံကြည်စိတ်ချရသူကို ရင်ဖွင့်တယ်ဆိုရင် အကြံဉာဏ်ကောင်း ရမှာ သေချာတယ်။
ဆေးကုသမှု ခံယူရမယ် ဆိုရင်ကော
နေ့တိုင်းလိုလို စိတ်ဓာတ်ကျနေတယ်ဆိုရင် ဆေးကုသမှု ခံယူဖို့လိုတဲ့ စိတ်ကျဝေဒနာ ဖြစ်နိုင်တယ်။
မြီးကောင်ပေါက်အရွယ်မှာ ဆေးကုသဖို့လိုတဲ့ စိတ်ကျဝေဒနာကို ဆယ်ကျော်သက်အရွယ်မှာ ဖြစ်တတ်တဲ့ သာမန်စိတ်အပြောင်းအလဲ လက္ခဏာနဲ့ မှားယွင်းမိနိုင်တယ်။ ဒါပေမဲ့ ဒီဝမ်းနည်းမှုက ပိုပြင်းထန်ပြီး ဆက်တိုက် ဖြစ်နေတယ်ဆိုရင် ကျန်းမာရေး စစ်ဆေးမှု လုပ်ပေးဖို့ မိဘတွေကို ပြောပါ။
ကျမ်းစာအကြံပြုချက်– “ကျန်းမာသူတွေအတွက် သမားတော် မလိုဘူး။ ဖျားနာသူတွေအတွက်ပဲ လိုတာ။”—မဿဲ ၉:၁၂။
တကယ်လို့ စိတ်ကျဝေဒနာ ခံစားနေရမှန်းသိလာရင် ရှက်စရာ မဟုတ်ဘူး။ လူငယ်တိုင်းလိုလို စိတ်ဓာတ်ကျကြတယ်၊ ဒါကို ကုသလို့ ရပါတယ်။ သူငယ်ချင်းကောင်းတွေကတော့ အထင်သေးမှာ မဟုတ်ပါဘူး။
အကြံပြုချက်– စိတ်ရှည်ပါ။ စိတ်ကျဝေဒနာ သက်သာဖို့ အချိန်လိုတယ်။ တစ်ခါတလေ အခြေအနေ ကောင်းနေတတ်ပြီး တစ်ခါတလေ ဆိုးနေတတ်တယ်။ a
ပြန်ကောင်းလာအောင် လုပ်ဆောင်နိုင်ပုံ
ဆေးဝါးကုသမှု လိုသည်ဖြစ်စေ၊ မလိုသည်ဖြစ်စေ အမြဲဝမ်းနည်းနေတဲ့စိတ်ကို ရင်ဆိုင်ဖြေရှင်းဖို့ နည်းလမ်းတွေ ရှိပါတယ်။ ဥပမာ၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာ စားခြင်း၊ အိပ်ရေးဝဝ အိပ်ခြင်းတို့က စိတ်လှုပ်ရှားမှုတွေကို တည်ငြိမ်အောင် ကူညီပေးပါလိမ့်မယ်။ (ဒေသနာ ၄:၆။ ၁ တိမောသေ ၄:၈) သင့်ရဲ့ ခံစားချက်တွေ၊ ကုသရတဲ့ ရည်ရွယ်ချက်၊ ကျရှုံးခဲ့တာတွေနဲ့ အောင်မြင်ခဲ့တာတွေကို ရေးမှတ်ထားတာကလည်း အကူအညီ ဖြစ်စေတယ်။
သင်ဟာ ဆေးဝါးကုသမှုလိုတဲ့ စိတ်ကျဝေဒနာ ဒါမှမဟုတ် သာမန်စိတ်ဓာတ်ကျတာမျိုး ဖြစ်နေရင် ဒါကို သတိရပါ– တခြားသူကို အကူအညီတောင်းမယ်၊ ဝေဒနာပျောက်အောင် လုပ်စရာတွေ လုပ်မယ်ဆိုရင် စိတ်ဓာတ်ကျတာကို ရင်ဆိုင်ကျော်လွှားနိုင်မယ်။
အကူအညီဖြစ်စေတဲ့ ကျမ်းချက်များ
“ယေဟောဝါဟာ စိတ်ကြေကွဲနေသူတွေရဲ့ အနီးအပါးမှာ ရှိတယ်။ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေကို ကယ်တင်တယ်။”—ဆာလံ ၃၄:၁၈။
“ထမ်းထားရတဲ့ဝန်ကို ယေဟောဝါဆီ ပုံအပ်လိုက်ပါ။ ကိုယ်တော် ဖေးမလိမ့်မယ်။ ဖြောင့်မတ်သူကို ဘယ်တော့မှ လဲကျခွင့်ပြုမှာ မဟုတ်ဘူး။”—ဆာလံ ၅၅:၂၂။
“မင်းရဲ့ဘုရား ယေဟောဝါဟာ မင်းရဲ့ ညာလက်ကို ဆုပ်ကိုင်ပြီး ‘မကြောက်နဲ့။ ငါကူညီမယ်’ လို့ ပြောတဲ့အရှင်ပဲ။”—ဟေရှာယ ၄၁:၁၃။
“မနက်ဖြန်အတွက် ဘယ်တော့မှ မစိုးရိမ်ပါနဲ့။”—မဿဲ ၆:၃၄။
“ဘုရားသခင်ဆီ အသနားခံကြပါ။ ဒါဆိုရင် လူ့ဉာဏ်နဲ့ မမီနိုင်တဲ့ ဘုရားသခင့်ငြိမ်သက်ခြင်းက . . . ခင်ဗျားတို့ရဲ့ စိတ်နှလုံးနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်ပေးပါလိမ့်မယ်။”—ဖိလိပ္ပိ ၄:၆၊ ၇။
a တကယ်လို့ ကိုယ့်ကိုယ်ကို သတ်သေချင်တဲ့စိတ်တွေ ပေါ်လာတယ်ဆိုရင် ယုံကြည်စိတ်ချရတဲ့သူတစ်ယောက်ကို ချက်ချင်း ဖွင့်ပြောပါ။ ပိုသိချင်တယ်ဆိုရင် ၂၀၁၄၊ ဧပြီလထုတ် နိုးလော့! ရဲ့ “ဘာကြောင့် အသက်ဆက်ရှင်ဖို့လိုတာလဲ” ဆိုတဲ့ အပိုင်းလေးပိုင်းပါ ဆောင်းပါးကို ကြည့်ပါ။