မာတိကာဆီ ကျော်သွား

လူငယ်များအမေး

ငါ နှစ်ခြင်းခံသင့်သလား—အပိုင်း ၃- ငါ ဘာကြောင့် တွန့်ဆုတ်နေသလဲ

ငါ နှစ်ခြင်းခံသင့်သလား—အပိုင်း ၃- ငါ ဘာကြောင့် တွန့်ဆုတ်နေသလဲ

 ယေဟောဝါဆီ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံရမှာကို တွေးပြီး စိုးရိမ်နေသလား။ ဒါဆိုရင် ဒီဆောင်းပါးက စိုးရိမ်စိတ် သက်သာဖို့ ကူညီပေးနိုင်တယ်။

ဒီဆောင်းပါးမှာ

 နှစ်ခြင်းခံပြီးနောက် ကြီးလေးတဲ့အမှား လုပ်မိရင်ကော

 စိုးရိမ်ရတဲ့အကြောင်းရင်း။ ကိုယ့်အသိတစ်ယောက် ကြီးလေးတဲ့အမှား လုပ်မိလို့ အသင်းတော်ကနေ နှင်ထုတ်ခံထားရလို့ ဖြစ်နိုင်တယ်။ (၁ ကောရိန္သု ၅:၁၁၊ ၁၃) ကိုယ်လည်း အဲဒီလိုဖြစ်ခဲ့ရင် ဆိုပြီး စိုးရိမ်မိနိုင်တယ်။

 “နှစ်ခြင်းခံမယ်ဆိုတဲ့အတွေး ဝင်လာတဲ့အခါ နောက်မှ အမှားလုပ်မိခဲ့ရင် ဆိုပြီး စိုးကြောက်မိတယ်။ အဲဒီလိုသာဆိုရင် မိဘတွေ မျက်နှာပျက်ရမှာ။”—ရေဗက္ကာ။

 အဓိကကျမ်းချက်။ “လူဆိုးက မိမိလမ်းစဉ်ကို စွန့်ပါစေ။ . . . ကရုဏာပြမယ့် ယေဟောဝါဆီ ပြန်လှည့်လာပါစေ။ ဘုရားသခင်က အကြွင်းမဲ့ ခွင့်လွှတ်လိမ့်မယ်။ —ဟေရှာယ ၅၅:၇

 စဉ်းစားကြည့်ပါ။ အပြစ်လုပ်ပြီးနောက် နောင်တမယူရင် အသင်းတော်ကနေ နှင်ထုတ်ခံရပေမဲ့ နှိမ့်ချစိတ်နဲ့ နောင်တယူပြီး ပြုပြင်ပြောင်းလဲမယ်ဆိုရင် ယေဟောဝါ ကရုဏာ ပြတယ်။—ဆာလံ ၁၀၃:၁၃၊ ၁၄။ ၂ ကောရိန္သု ၇:၁၁

 တကယ်တော့ သင်ဟာ ပြည့်ဝစုံလင်သူ မဟုတ်ပေမဲ့ ဘုရားအကူအညီနဲ့ သွေးဆောင်မှုတွေကို တွန်းလှန်နိုင်ပါတယ်။ (၁ ကောရိန္သု ၁၀:၁၃) ကိုယ်ဘာလုပ်မယ်ဆိုတာ ဘယ်သူက ဆုံးဖြတ်မှာလဲ။ ကိုယ်လား။ တခြားသူလား။

 “နှစ်ခြင်းခံပြီးနောက် ကြီးလေးတဲ့အမှား လုပ်မိမှာကို ကျွန်မ စိုးရိမ်ခဲ့တာ။ ဒါပေမဲ့ ဒီအတွက်နဲ့ နှစ်ခြင်းခံဖို့ အချိန်ဆွဲနေတာဟာ မှားမှန်း သဘောပေါက်လာတယ်။ မနက်ဖြန်အတွက် စိုးရိမ်လို့ ဒီနေ့ လုပ်သင့်တာကို မလုပ်တာမျိုး မဖြစ်သင့်မှန်း သိလာတယ်။”—ကာရင်။

 အဓိကအချက်။ ယေဟောဝါကို ဝတ်ပြုသူများစွာလိုပဲ သင်လည်း ကြီးလေးတဲ့ အပြစ်တွေကို ရှောင်မယ်ဆိုရင် ရှောင်နိုင်ပါတယ်။—ဖိလိပ္ပိ ၂:၁၂

 အကူအညီ ထပ်လိုနေသလား။သွေးဆောင်မှုတွေကို ဘယ်လို တွန်းလှန်နိုင်သလဲ” ကို ကြည့်ပါ။

 နှစ်ခြင်းခံပြီးနောက် ရလာမယ့် တာဝန်တွေအတွက် စိုးရိမ်နေရင်ကော

 စိုးရိမ်ရတဲ့အကြောင်းရင်း။ ကိုယ့်အသိ လူငယ်တွေ ယေဟောဝါအတွက် ပိုအမှုဆောင်ဖို့ မိသားစု၊ မိတ်ဆွေတွေနဲ့ ဝေးရာဆီ ပြောင်းရွှေ့သွားတာ ဖြစ်မယ်။ ကိုယ့်ကိုကော အဲဒီလို ပြောင်းရွှေ့စေချင်ကြမလားဆိုပြီး စိုးရိမ်တယ်။

 “နှစ်ခြင်းခံပြီးသား ခရစ်ယာန်ဟာ ယေဟောဝါအတွက် တိုးချဲ့အမှုဆောင်ဖို့ အရည်အချင်း ပြည့်မီတယ်။ ဒါပေမဲ့ တချို့က အဲဒီလိုလုပ်ဖို့ အဆင်သင့် မဖြစ်သေးတာ၊ အခြေအနေ မပေးတာတွေ ရှိကြတယ်။”—မာရီယာ။

 အဓိကကျမ်းချက်။ “လူတိုင်း ကိုယ့်လုပ်ရပ်တွေကိုပဲ ဆန်းစစ်ပါ။ သူတစ်ပါးနဲ့ မနှိုင်းယှဉ်ပါနဲ့။ ဒါဆိုရင် ကိုယ့်လုပ်ရပ်နဲ့ပတ်သက်ပြီး ပျော်ရွှင်ကျေနပ်ရလိမ့်မယ်။”—ဂလာတိ ၆:၄

 စဉ်းစားကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ နှိုင်းယှဉ်နေမဲ့အစား ‘ယေဟောဝါဘုရားကို စိတ်စွမ်းရှိသမျှ ချစ်ပါ’ ဆိုတဲ့ မာကု ၁၂:၃၀ ပါ ကျမ်းစကားကို အာရုံစိုက်ပါ။

 ယေဟောဝါကို တခြားသူရဲ့ စိတ်စွမ်းနဲ့ မဟုတ်ဘဲ ကိုယ့်ရဲ့ စိတ်စွမ်းရှိသမျှ ချစ်သင့်တယ်။ ယေဟောဝါကို တကယ်ချစ်မယ်ဆိုရင် ကိုယ့်ရဲ့ အစွမ်းအစရှိသမျှနဲ့ အမှုဆောင်ဖို့ နည်းလမ်းတွေ ရှာတွေ့ပါလိမ့်မယ်။

 “နှစ်ခြင်းခံတာက အရေးကြီးခြေလှမ်း ဖြစ်ပေမဲ့ ဝန်ထုတ်ဝန်ပိုးတော့ မဟုတ်ပါဘူး။ မိတ်ဆွေကောင်းတွေ ရှိထားမယ်ဆိုရင် အကူအညီ ရမှာပါ။ တာဝန်တွေကို တဖြည်းဖြည်းချင်း လုပ်ဆောင်နိုင်လာတာနဲ့အမျှ ပိုပျော်ရွှင်လာမယ်။ နှစ်ခြင်းမခံဘဲ နေတာကမှ အကျိုးယုတ်စေတာပါ။”—ဂျူလီယာ။

 အဓိကအချက်။ သင့်အပေါ်ထားတဲ့ ယေဟောဝါရဲ့ မေတ္တာကို ကျေးဇူးလေးမြတ်စိတ် တိုးပွားစေပါ။ ဒါက အကောင်းဆုံး ပြန်ပေးဆက်ချင်စိတ် ပေါ်လာစေတယ်။—၁ ယောဟန် ၄:၁၉

 အကူအညီ ထပ်လိုနေသလား။ငါ ဘယ်လောက်အထိ တာဝန်သိတတ်သလဲ” ကို ကြည့်ပါ။

 ယေဟောဝါရဲ့ အမှုဆောင်ဖို့ မထိုက်တန်ဘူးလို့ ခံစားရရင်ကော

 စိုးရိမ်ရတဲ့အကြောင်းရင်း။ စကြဝဠာ အချုပ်အချာအာဏာပိုင်ရှင် ယေဟောဝါနဲ့ ယှဉ်ရင် လူတွေဟာ ဘာမှမဟုတ်ဘူး။ ငါ့ကို ယေဟောဝါဘုရား သိမှသိပါလေစလို့ တွေးမိနိုင်တယ်။

 “မိဘတွေက ယေဟောဝါသက်သေ ဖြစ်နေလို့ ကျွန်မလည်း အခုလို ယေဟောဝါနဲ့ ရင်းနှီးနေတာ ဖြစ်မယ်၊ ကျွန်မကို ယေဟောဝါ ဆွဲဆောင်ထားတာ မဟုတ်လောက်ဘူးလို့ စိတ်ထင့်နေမိတယ်။”—နတာလီယာ။

 အဓိကကျမ်းချက်။ “ကျွန်တော့်ကို စေလွှတ်တဲ့အရှင်သာ မဆွဲဆောင်ရင် ဘယ်သူမှ ကျွန်တော့်ဆီ မလာနိုင်ဘူး။”—ယောဟန် ၆:၄၄

 စဉ်းစားကြည့်ပါ။ နှစ်ခြင်းခံဖို့ သင် စဉ်းစားနေပြီဆိုကတည်းက ယေဟောဝါက မိမိနဲ့ ပိုရင်းနှီးကျွမ်းဝင်ဖို့ သင့်ကို ဆွဲဆောင်နေတယ်ဆိုတာ သေချာတယ်။ ဒီကမ်းလှမ်းချက်ကို လက်ခံချင်ပါသလား။

 ဘုရားနဲ့ ရင်းနှီးကျွမ်းဝင်ချင်သူတွေအတွက် စံနှုန်းချမှတ်သူဟာ သင် မဟုတ်ဘူး၊ တခြားသူလည်း မဟုတ်ဘူး၊ ယေဟောဝါကိုယ်တိုင် ဖြစ်တယ်ဆိုတာကိုလည်း အမှတ်ရပါ။ ‘ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားရင် ဘုရားသခင်လည်း သင်နဲ့ ရင်းနှီးလာမယ်’ ဆိုတာ စိတ်ချပါ။—ယာကုပ် ၄:၈

 “ယေဟောဝါအကြောင်း သိတာ၊ ဘုရားဆီ ဆွဲဆောင်ခံရတာက ကိုယ့်ကို ယေဟောဝါ ချစ်တဲ့အဓိပ္ပာယ်ပဲ။ ဘုရားအမှုဆောင်ဖို့ မထိုက်တန်ဘူးလို့ ခံစားနေရင် ယေဟောဝါကတော့ အဲဒီလို မယူဆဘူးဆိုတာ ပြန်သတိရပါ။ ယေဟောဝါသာ အမြဲ မှန်တယ်။”—စလီနာ။

 အဓိကအချက်။ နှစ်ခြင်းခံဖို့ ကျမ်းစာတောင်းဆိုချက်တွေ ပြည့်မီရင် ယေဟောဝါရဲ့ အမှုဆောင်ဖို့ အရည်အချင်း ပြည့်မီပါတယ်။ သင့်ရဲ့ ဝတ်ပြုကိုးကွယ်မှုကို ယေဟောဝါ ရထိုက်တယ်။—ဗျာဒိတ် ၄:၁၁

 အကူအညီ ထပ်လိုနေသလား။ဘာကြောင့် ဆုတောင်းရမှာလဲ” ကို ကြည့်ပါ။