လူငယ်များအမေး
လမ်းခွဲပြီးနောက် ဘယ်လို ရှေ့ဆက်နိုင်မလဲ
“ရည်းစားနဲ့ လမ်းခွဲပြီးနောက် ကျွန်တော် တော်တော်လေး ခံစားလိုက်ရတယ်။ ကျွန်တော့်ဘဝမှာ အနာကျင်ဆုံး ခံစားချက်ပါပဲ” ဆိုပြီး စတီဗင် ပြောတယ်။
အဲဒီလိုခံစားဖူးသလား။ ခံစားဖူးတယ်ဆိုရင် ဒီဆောင်းပါးက ကူညီပေးနိုင်ပါတယ်။
ခံစားရပုံ
လမ်းခွဲလိုက်တဲ့အခါ နှစ်ယောက်စလုံး စိတ်ကြေကွဲမှာပါ။
ကိုယ်က စပြီးလမ်းခွဲသူ ဖြစ်မယ်ဆိုရင် ဂျက်စမင် ပြောသလို ဖြစ်နိုင်တယ်– “ကိုယ်ချစ်ခဲ့ဖူးသူကို စိတ်ထိခိုက်အောင် လုပ်မိတဲ့ ခံစားချက်မျိုး နောက်ဘယ်တော့မှ မခံစားချင်ဘူး။”
ကိုယ်က စပြီးလမ်းခွဲတာ မဟုတ်ဘူးဆိုရင် မင်းမရှိရင် အသက်မရှင်ချင်ဘူး ဆိုပြီး တချို့ ပြောတာကို သဘောပေါက်လာနိုင်ပါတယ်။ “တစ်ချိန်လုံး ဝမ်းနည်းပူဆွေးနေတဲ့အပြင် ဖြစ်ခဲ့တာကို လက်မခံနိုင်၊ ဒေါသပေါက်ကွဲ၊ ပြန်သင့်မြတ်ဖို့ ကြိုးစားချင်ပြီး စိတ်ဓာတ်ကျနေတယ်။ လမ်းခွဲခဲ့ပြီဆိုတာကို တစ်နှစ်လောက်ကြာမှပဲ လက်ခံနိုင်တယ်။”
အဓိကအချက်– လမ်းခွဲလိုက်တဲ့အခါ အသည်းတွေကွဲပြီး မျှော်လင့်ချက်တွေ ပျောက်ဆုံးနေနိုင်တယ်။ “ကြေကွဲတဲ့စိတ်ကတော့ ခွန်အားဆုတ်ယုတ်စေတယ်” ဆိုပြီး ကျမ်းရေးသူတစ်ယောက် ရေးခဲ့တယ်။—သုတ္တံ ၁၇:၂၂။
လုပ်ဆောင်နိုင်ရာ
ရင့်ကျက်သူတစ်ယောက်ကို ရင်ဖွင့်ပါ။ “မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ” လို့ ကျမ်းစာက ဆိုတယ်။ (သုတ္တံ ၁၇:၁၇) မိဘ ဒါမှမဟုတ် ရင့်ကျက်တဲ့ မိတ်ဆွေတစ်ယောက်ကို ရင်ဖွင့်တာက ပြန်နာလန်ထူနိုင်စေတယ်။
“လနဲ့ချီ ကျွန်မ လူတွေနဲ့ မပေါင်းချင်ဘူး၊ ဘယ်သူ့ကိုမှ ကျွန်မရဲ့ ခံစားချက်တွေကို မပြောဘူး၊ တကယ်တော့ သူငယ်ချင်းတွေဟာ ကူညီပေးနိုင်သူတွေ ဆိုတာ သူတို့ကို ရင်ဖွင့်ပြီးနောက်မှ သိလိုက်ရတယ်။”—ဂျဲနက်။
ဖြစ်ပျက်ခဲ့ရာကနေ သင်ယူပါ။ “ဉာဏ်ပညာကို ဆည်းပူးပါ။ သိနားလည်နိုင်စွမ်းကို ဆည်းပူးပါ” ဆိုပြီး နောက်ကျမ်းတစ်ချက်က ဆိုတယ်။ (သုတ္တံ ၄:၅) ဒီလိုရင်နာစရာ အတွေ့အကြုံတွေကနေ ကိုယ့်အကြောင်း ကိုယ်သိလာတာ အများကြီးရှိသလို စိတ်ပျက်စရာကိစ္စတွေကို ပိုကိုင်တွယ်ဖြေရှင်း တတ်လာတယ်။
“လမ်းခွဲပြီးနောက်ပိုင်းမှာ သူငယ်ချင်းတစ်ယောက်က ‘မင်းရဲ့ အဖြစ်ကနေ ဘာသင်ခန်းစာ ရသလဲ၊ နောက်ပိုင်း တစ်ယောက်ယောက်နဲ့ တွဲဖြစ်ခဲ့ရင် အဲဒီသင်ခန်းစာကို ဘယ်လိုအသုံးချမလဲ’ လို့ မေးတယ်။”—စတီဗင်။
ဆုတောင်းပါ။ “ထမ်းထားရတဲ့ဝန်ကို ယေဟောဝါဆီ ပုံအပ်လိုက်ပါ။ ကိုယ်တော် ဖေးမလိမ့်မယ်” လို့ ကျမ်းစာက ဆိုတယ်။ (ဆာလံ ၅၅:၂၂) ဆုတောင်းခြင်းက ဝမ်းနည်းစိတ်ကို သက်သာစေနိုင်ပြီး လမ်းခွဲတာကို အမှန်အတိုင်း ရှုမြင်နိုင်အောင် ကူညီပေးနိုင်တယ်။
“မပြတ် ဆုတောင်းပါ။ ယေဟောဝါက သင့်ရဲ့ နာကျင်မှုကို နားလည်ပြီး အခြေအနေကို သင်သိတာထက် ပိုသိတယ်။”—မာရှယ်။
တခြားသူတွေကို ကူညီပါ။ “ကိုယ့်အကျိုးကိုပဲ အာရုံမစိုက်ပါနဲ့၊ သူတစ်ပါးအကျိုးကိုလည်း ထည့်စဉ်းစားပေးကြပါ” လို့ ကျမ်းစာက ဆိုတယ်။ (ဖိလိပ္ပိ ၂:၄) တခြားသူတွေကို များများ ကူညီပေးလေ လမ်းခွဲခဲ့ရတာကို အမှန်အတိုင်း ရှုမြင်တတ်လာလေပဲ။
“လမ်းခွဲချိန်မှာ ငါ့ဘဝတော့ ဆုံးပြီလို့ ခံစားရပြီး အသားနာတာထက် ပိုနာကျင်ခဲ့တယ်။ ဒါပေမဲ့ အချိန်ကြာလာတော့လည်း နာကျင်မှု သက်သာလာတယ်။”—အယ်ဗလင်။