မာတိကာဆီ ကျော်သွား

လူငယ်များအမေး

သူငယ်ချင်းက စိတ်ထိခိုက်အောင်လုပ်ရင် ဘယ်လို လုပ်မလဲ

သူငယ်ချင်းက စိတ်ထိခိုက်အောင်လုပ်ရင် ဘယ်လို လုပ်မလဲ

 သိထားသင့်ရာ

  •   ပြဿနာကင်းတဲ့ သူငယ်ချင်းမျိုး မရှိပါဘူး။ မှားတတ်ကြလို့ အကောင်းဆုံး၊ အခင်ဆုံး သူငယ်ချင်းကတောင် သင် စိတ်ထိခိုက်အောင် လုပ်မိ၊ ပြောမိနိုင်တယ်။ သင်ကိုယ်တိုင်လည်း အမှားမကင်းတဲ့အတွက် သင့်ကြောင့် တစ်ယောက်ယောက် စိတ်ထိခိုက်ဖူးတာကို မမှတ်မိတော့တာ ဖြစ်နိုင်တယ်။—ယာကုပ် ၃:၂

  •   အင်တာနက်ကြောင့် အလွယ်တကူ စိတ်ထိခိုက်နိုင်တယ်။ ဥပမာ၊ ဆယ်ကျော်သက်အရွယ် ဒေးဗစ် ဒီလိုပြောတယ်– “အွန်လိုင်း သုံးနေတုန်း သူငယ်ချင်းရဲ့ မိတ်ဆုံပွဲပုံတွေ တွေ့လိုက်တယ်။ ငါ့ကိုတော့ မဖိတ်ဘူးဆိုတဲ့ အတွေး ဝင်လာတယ်။ သစ္စာဖောက်ခံရတယ်လို့ ခံစားရပြီး ဝမ်းနည်းသွားတယ်။”

  •   ပြဿနာကို ရင်ဆိုင်ဖြေရှင်းနိုင်ပါတယ်။

 လုပ်ဆောင်နိုင်ရာ

 ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်ပါ။ “ထစ်ခနဲဆို မကျေမချမ်း မဖြစ်နဲ့။ မကျေမချမ်း ဖြစ်တာဟာ ဉာဏ်တိမ်သူတွေရဲ့ အမှတ်လက္ခဏာပဲ” လို့ ကျမ်းစာ ဆိုတယ်။—ဒေသနာ ၇:၉၊ အောက်ခြေမှတ်ချက်။

 “ဘာမဟုတ်တဲ့ကိစ္စနဲ့ စိတ်ထိခိုက်ခဲ့မှန်း နောက်ပိုင်းမှ သိလာတတ်တယ်။”—အလစ်ဆာ။

 စဉ်းစားကြည့်ပါ– သင်ဟာ ဆတ်ဆတ်ထိမခံ ဖြစ်တတ်သလား။ တခြားသူတွေရဲ့ အားနည်းချက်ကို သည်းခံတတ်အောင် သင်ယူနိုင်မလား။—ဒေသနာ ၇:၂၁၊ ၂၂

 ခွင့်လွှတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို သုံးသပ်ပါ။ “အမှားကို ဗွေမယူတာဟာ သူ့ရဲ့ အလှပဲ” လို့ ကျမ်းစာ ဆိုတယ်။—ပညာအလိမ္မာ ၁၉:၁၁

 “မကျေမနပ် ဖြစ်စရာ အကြောင်းရင်း ရှိရင်တောင် လုံးလုံး ခွင့်လွှတ်လိုက်တာ ကောင်းတယ်။ သူ့အမှားကို ပြန်ပြန်ဖော်ပြီး တောင်းပန်ခိုင်းတာမျိုး မလုပ်ဖို့ ဆိုလိုတာပါ။ ခွင့်လွှတ်လိုက်ပြီဆိုရင် အစပြန်မဖော်နဲ့တော့။”—မယ်လိုရီ။

 စဉ်းစားကြည့်ပါ– တကယ်ကော ကြီးကျယ်တဲ့ကိစ္စ ဟုတ်လို့လား။ ပြန်သင့်မြတ်အောင် ခွင့်လွှတ်နိုင်မလား။—ကောလောသဲ ၃:၁၃

သူငယ်ချင်းတွေကြား ပြဿနာဖြစ်တိုင်း လိုက်ဖြေရှင်းတာက အနွေးဓာတ် လွှတ်ထားတဲ့အိမ်ထဲ လေအေးတွေ ဝင်အောင် ခဏခဏ တံခါးဖွင့်တာနဲ့ တူ

 တခြားသူဘက်ကနေ စဉ်းစားကြည့်ပါ။ “ကိုယ့်အကျိုးကိုပဲ အာရုံမစိုက်ပါနဲ့၊ သူတစ်ပါးအကျိုးကိုလည်း ထည့်စဉ်းစားပေးကြပါ” လို့ ကျမ်းစာ ဆိုတယ်။—ဖိလိပ္ပိ ၂:၄

 “သူငယ်ချင်းတွေကြားမှာ မေတ္တာနဲ့ လေးစားမှု ရှိမယ်ဆိုရင် ပြဿနာ ပြေလည်အောင် အမြန်ဆုံး ဖြေရှင်းမှာပဲ။ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်း ဖြစ်လာဖို့ အများကြီး ရင်းထားရလို့ပဲ။ သူငယ်ချင်း ဖြစ်အောင် အများကြီး ကြိုးစားအားထုတ်ထားမှတော့ သူငယ်ချင်းကို ဆုံးရှုံးချင်မှာ မဟုတ်ဘူး။”—နီကိုး။

 စဉ်းစားကြည့်ပါ– တခြားသူရဲ့ ရှုမြင်ချက်ကနေ အကျိုးရှိတဲ့ အချက်တချို့ကို ရှာနိုင်မလား။—ဖိလိပ္ပိ ၂:၃

 အဓိကအချက်– စိတ်ထိခိုက်တာ ဖြေရှင်းနိုင်ပုံကို သိထားမယ်ဆိုရင် လူကြီးဘဝအတွက် အသုံးဝင်တယ်။ အခုကတည်းက အဲဒီအရည်အချင်း ရှိအောင် သင်ယူထားပါ။