မာတိကာဆီ ကျော်သွား

လူငယ်များအမေး

အဖြစ်ဆိုးကြုံရတာကို ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ

အဖြစ်ဆိုးကြုံရတာကို ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ

 ဘယ်သူမဆို အဖြစ်ဆိုးကြုံရနိုင်တယ်။ ‘အပြေးသန်တယ်ဆိုတိုင်း ပြေးပွဲမှာ အမြဲအနိုင်ရတာ မဟုတ်ဘူး။ ခွန်အားကြီးတယ်ဆိုတိုင်း စစ်ပွဲမှာ အမြဲအနိုင်ရတာ မဟုတ်ဘူး။ ... လူအားလုံးဟာ မမျှော်လင့်ထားတဲ့အချိန်မှာ မမျှော်လင့်တဲ့ဖြစ်ရပ်တွေ ကြုံရတတ်လို့ပဲ’ ဆိုပြီး ကျမ်းစာမှာ ပြောထားတယ်။ (ဒေသနာ ၉:၁၁ကဘ) အဖြစ်ဆိုးကြုံရသူတွေထဲမှာ လူငယ်တချို့လည်း ပါတယ်။ အဲဒီလိုကြုံခဲ့သူတွေ ဘယ်လို ရင်ဆိုင်ဖြေရှင်းခဲ့ကြသလဲ။ ဥပမာနှစ်ခုကို သုံးသပ်ကြည့်ရအောင်။

 ရေဗက္ကာ

 ကျွန်မအသက် ၁၄ နှစ်မှာ မိဘတွေ ကွာရှင်းလိုက်ကြတယ်။

 အဖေနဲ့အမေ တကယ် မကွာရှင်းပါဘူး၊ အဖေက တစ်ယောက်တည်း ခွဲနေဖို့ လိုအပ်နေလို့ပါ။ အဖေက အမေ့ကို ချစ်တာပဲ၊ သူဘာကြောင့် အမေ့ကို ထားခဲ့မှာလဲ၊ ကျွန်မကိုလည်း ဘာကြောင့် ထားခဲ့မှာလဲဆိုပြီး ကိုယ့်ဘာသာကိုယ် ပြောနေမိတယ်။

 မိသားစုမှာ ဖြစ်နေတာကို တစ်ယောက်ယောက်ကို ရင်ဖွင့်ဖို့ တော်တော် ခက်တယ်။ ကျွန်မ အဲဒီအကြောင်း မစဉ်းစားချင်ဘူး။ ကိုယ့်ကိုယ်ကိုယ် သတိမပြုမိပေမဲ့ ကျွန်မ စိတ်ဆိုးနေခဲ့တယ်။ စိုးရိမ်ပူပန်တတ်လာပြီး ညညအိပ်မပျော်တော့ဘူး။

 ကျွန်မအသက် ၁၉ နှစ်မှာ ကျွန်မရဲ့ အကောင်းဆုံး သူငယ်ချင်းဖြစ်တဲ့ အမေဟာ ကင်ဆာရောဂါနဲ့ ဆုံးသွားတယ်။

 အဖေနဲ့အမေ ကွာရှင်းတုန်းက ဝမ်းနည်းပက်လက် ဖြစ်ခဲ့ရတယ်၊ အမေ ဆုံးသွားချိန်မှာတော့ ကျွန်မ ယူကျုံးမရ ဖြစ်ခဲ့ရတယ်။ ကျွန်မ ဘယ်လိုမှ ဖြေမဆည်နိုင်သေးဘူး။ အိပ်မပျော်တဲ့ညတွေ ပိုများလာတဲ့အပြင် ပူပန်သောကစိတ်တွေလည်း ပိုများလာတယ်။

 ဒါပေမဲ့၊ နှစ်သိမ့်ပေးမှုတွေ၊ အကူအညီတွေ အများကြီး ရခဲ့ပါတယ်။ ဥပမာ၊ သုတ္တံ ၁၈:၁ မှာ တခြားသူတွေနဲ့မရောနှောဘဲ သီးသန့်မနေဖို့ သတိပေးထားတဲ့အတိုင်း လိုက်နာဖို့ ကြိုးစားခဲ့တယ်။

 ယေဟောဝါသက်သေ ခရစ်ယာန်တစ်ယောက်ဖြစ်တာကြောင့် အားပေးမှုဖြစ်စေတဲ့ ကျမ်းစာအခြေပြုစာပေတွေကိုလည်း ကြိုးစားဖတ်ရှုခဲ့တယ်။ မိဘတွေ ကွာရှင်းတုန်းက လူငယ်များအမေး​—တာသွားသည့်အဖြေ စာအုပ်ကြောင့် စိတ်သက်သာမှုရခဲ့တယ်။ အထူးသဖြင့် အတွဲ ၂ (အင်္ဂလိပ်) မှာပါတဲ့ “မိဘတစ်ဦးပဲရှိတဲ့ မိသားစုမှာ ငါပျော်နိုင်ပါ့မလား” ဆိုတဲ့ အခန်းကို ဖတ်ရှုခဲ့တာ မှတ်မိနေသေးတယ်။

 စိုးရိမ်ပူပန်စိတ်ကို သက်သာစေတဲ့ ကျွန်မအကြိုက်ဆုံးကျမ်းချက်တွေထဲက တစ်ချက်ကတော့ မဿဲ ၆:၂၅–၃၄ ဖြစ်တယ်။ အခန်းငယ် ၂၇ မှာဆိုရင် “သင်တို့တွင် မည်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိ၏သက်တမ်းကို တစ်တောင်မျှ တိုး၍ရှည်စေနိုင်သနည်း” လို့ ယေရှု မေးခဲ့တယ်။

 ကျွန်မတို့ဘယ်သူမဆို အဖြစ်ဆိုးတွေ ကြုံရနိုင်ပါတယ်။ ဒါပေမဲ့၊ အဲဒီအဖြစ်ဆိုးတွေကို ရင်ဆိုင်ဖြေရှင်းပုံက ပိုအရေးကြီးတယ်ဆိုတယ်ကို အမေ့ဆီကနေ သင်ယူသိရှိခဲ့ရတယ်။ အမေက အိမ်ထောင်ပြိုကွဲမှုကို ကြုံရတဲ့အပြင် ရောဂါကြီးခံစားနေရပေမဲ့ ဘဝတစ်လျှောက်လုံးမှာ အပြုသဘောထားတင်ပြခဲ့ပြီး အဆုံးအထိ ဘုရားသခင်အပေါ် အခိုင်အမာ ယုံကြည်ခဲ့တယ်။ ယေဟောဝါဘုရားသခင်အကြောင်း အမေ သင်ပေးခဲ့တာကို ကျွန်မ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။

 စဉ်းစားစရာ– ကျမ်းစာနဲ့ ကျမ်းစာအခြေပြုစာပေတွေကို ဖတ်ရှုလေ့လာခြင်းက အဖြစ်ဆိုးတွေကို ရင်ဆိုင်ဖြေရှင်းနိုင်အောင် ဘယ်လို ကူညီပေးနိုင်သလဲ။​—ဆာလံ ၉၄:၁၉

 ကော့ဒဲလ်

 ကျွန်တော် အသက် ၁၇ နှစ်မှာ အဖေရဲ့ နောက်ဆုံးထွက်သက်ကို ကိုယ်တိုင် တွေ့မြင်ခဲ့ရတယ်။ အဖေ့ကို ဆုံးရှုံးလိုက်ရတာဟာ ကျွန်တော့်ဘဝမှာ အကြီးမားဆုံး ဆုံးရှုံးမှုကြီးပါပဲ။ အရမ်း ဝမ်းနည်းကြေကွဲခဲ့ရတယ်။

 ပိတ်ဖြူအုပ်ထားတဲ့အောက်က ခန္ဓာကိုယ်ဟာ ကျွန်တော့်အဖေ မဟုတ်ဘူး၊ အဖေ တကယ် မသေသေးဘူးဆိုပြီး ခံစားခဲ့ရတယ်။ ‘အဖေ မနက်ဖြန် နိုးလာမှာပါ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြောနေမိတယ်။ ရင်ထဲမှာ ဟာနေပြီး လမ်းပျောက်သွားသူတစ်ယောက်လို ခံစားခဲ့ရတယ်။

 ကျွန်တော်တို့မိသားစုက ယေဟောဝါသက်သေတွေ ဖြစ်ပြီး အဖေ ဆုံးသွားတဲ့အခါ အသင်းတော်က ညီအစ်ကိုညီအစ်မတွေက အများကြီး ကူညီထောက်မပေးခဲ့ကြတယ်။ အချိန်အတော်ကြာတဲ့အထိ သူတို့က ကျွန်တော်တို့ကို ချက်ကျွေးတယ်၊ ကျွန်တော်တို့နဲ့အတူ ရှိနေပေးခဲ့ကြတယ်။ ကျွန်တော့်အတွက်ဆိုရင် အဲဒီလိုအားပေးထောက်မတာက ယေဟောဝါသက်သေတွေဟာ စစ်မှန်တဲ့ ခရစ်ယာန်တွေ ဖြစ်တယ်ဆိုတဲ့ အထောက်အထားပါပဲ။​—ယောဟန် ၁၃:၃၅

 “ဆင်းရဲဒုက္ခသည် တစ်ခဏသာဖြစ်၍ မပြင်းထန်သော်လည်း ထာဝစဉ်တည်တံ့မည့် ဘုန်းအသရေကို ငါတို့တွင် သာ၍တိုးပွားလျက် ဖြစ်ပေါ်စေ၏။ ငါတို့သည် မြင်ရသောအရာများကို ကြည့်မှတ်မနေဘဲ မမြင်ရသောအရာများကို ကြည့်မှတ်နေကြ၏။ မြင်ရသောအရာများသည် တစ်ခဏသာတည်၍ မမြင်ရသောအရာများမူကား ထာဝစဉ်တည်၏” ဆိုတဲ့ ၂ ကောရိန္သု ၄:၁၇၊ ၁၈ ကနေ ကျွန်တော် ခွန်အားရရှိခဲ့တယ်။

 ၂ ကောရိန္သု ၄:၁၈ ပါစကားက ကျွန်တော်စိတ်နှလုံးကို တော်တော်ထိမိခဲ့တယ်။ အဖေက တစ်ခဏပဲ ဝေဒနာခံစားခဲ့ရတာပါ၊ ဒါပေမဲ့၊ အနာဂတ်မှာ ဘုရားသခင် ပေးထားတဲ့ ကတိတွေကို ထာဝစဉ် ခံစားရမှာ ဖြစ်တယ်။ အဖေ ဆုံးတဲ့အခါ ကျွန်တော့်ဘဝကို ဘယ်လို အသုံးပြုမလဲဆိုတာ ပြန်သုံးသပ်ခဲ့ပြီး ကျွန်တော် ချထားတဲ့ ပန်းတိုင်တွေကိုလည်း အပြောင်းအလဲ လုပ်နိုင်ခဲ့တယ်။

 စဉ်းစားစရာ– ဘဝမှာ အဖြစ်ဆိုးတွေကြုံရတာက ဘဝပန်းတိုင်တွေ ပြောင်းလဲချမှတ်နိုင်ဖို့ ဘယ်လို ကူညီပေးသလဲ။​—၁ ယောဟန် ၂:၁၇