လူငယ်များအမေး
အားကစားနဲ့ပတ်သက်ပြီး ဘာသိထားသင့်သလဲ
အားကစားက သင့်ကို ကောင်းကျိုး ဖြစ်စေနိုင်သလို ဆိုးကျိုးလည်း ဖြစ်စေနိုင်တယ်။ ဘယ်အားကစားကို သင်လိုက်စားသလဲ၊ ဘယ်လိုကစားသလဲ၊ ဘယ်လောက်အထိ ကစားသလဲအပေါ် မူတည်ပါတယ်။
အကျိုးကျေးဇူးတွေက ဘာတွေလဲ
အားကစားလုပ်တာက ကျန်းမာရေးကောင်းစေတယ်။ ‘ကာယလေ့ကျင့်ခန်းလုပ်တာက အကျိုးရှိတယ်’ ဆိုပြီး သမ္မာကျမ်းစာ ပြောတယ်။ (၁ တိမောသေ ၄:၈) “အားကစားလုပ်တော့ တက်ကြွဖျတ်လတ်နေတယ်။ အိမ်ထဲမှာနေပြီး ဗီဒီယိုဂိမ်းကစားတာထက် ပိုကောင်းတယ်” ဆိုပြီး လူငယ် ရိုင်ယန် ပြောတယ်။
အားကစားလုပ်တာက အဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်တတ်လာတယ်၊ စိတ်ထိန်းတတ်လာတယ်။ ကောင်းတဲ့အချက်တစ်ခုကို သင်ပေးချင်တဲ့အတွက် အားကစားကို အခြေခံတဲ့ ဥပမာတစ်ခုကို ကျမ်းစာမှာ အသုံးပြုထားပါတယ်။ “အပြေးပြိုင်သူတိုင်း ပြေးပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသော်လည်း တစ်ဦးတည်းသာ ဆုရကြောင်း သင်တို့မသိကြသလော။ . . . ပြိုင်ပွဲဝင်သူတိုင်းသည် အရာရာ၌ ကိုယ်ကိုချုပ်တည်းတတ်၏” ဆိုပြီး ဖော်ပြထားပါတယ်။ (၁ ကောရိန္သု ၉:၂၄၊ ၂၅) ဘာကို ဆိုလိုတာလဲ။ အားကစားစည်းမျဉ်းအတိုင်း ကစားဖို့ ကိုယ့်ကိုယ်ကိုယ်ချုပ်တည်းမှု၊ ပူးပေါင်းလုပ်ဆောင်မှု လိုအပ်တယ်ဆိုတာ ဖော်ပြတယ်။ ဆယ်ကျော်သက်အရွယ် အဘိဂဲလ်က “အားကစားလုပ်တဲ့အတွက် တခြားသူတွေနဲ့ ဘယ်လို ပူးပေါင်းလုပ်ဆောင်ရမယ်၊ ဘယ်လိုဆက်ဆံရမယ်ဆိုတာ သိလာတယ်” ဆိုပြီး ပြောတယ်။
အားကစားလုပ်တာက မိတ်ဆွေသူငယ်ချင်းတွေ ရလာစေတယ်။ ကစားနည်းတစ်ခုမှာ များသောအားဖြင့် တခြားသူတွေလည်း ပါဝင်ကြတယ်။ “အားကစားအားလုံးနီးပါးက ယှဉ်ပြိုင်ရတာများတယ်။ အပျော်တမ်း ကစားမယ်ဆိုရင်တော့ သူငယ်ချင်းတွေနဲ့ ပိုပြီး ရင်းနှီးခင်မင်လာနိုင်တယ်” ဆိုပြီး လူငယ် ဂျော်ဒန် ပြောတယ်။
အန္တရာယ်ထောင်ချောက်တွေက ဘာတွေလဲ
ဘယ်အားကစားကို သင်လိုက်စားသလဲ။ ‘ယေဟောဝါက ဖြောင့်မတ်သူကိုရော လူဆိုးကိုပါ စစ်ဆေးတယ်။ အကြမ်းဖက်မှုနှစ်သက်သူကို မုန်းတယ်’ ဆိုပြီး ကျမ်းစာပြောတယ်။—ဆာလံ ၁၁:၅၊ ကဘ။
တချို့အားကစားတွေဟာ အကြမ်းဖက်တဲ့ပုံစံ ဖြစ်တယ်။ မိန်းမငယ် လော်ရန် အခုလိုပြောတယ်– “လက်ဝှေ့ထိုးတာက တစ်ဖက်သားကို တစ်ချိန်လုံး ထိုးသတ်နေရတာ။ ခရစ်ယာန်တွေဟာ တခြားသူတွေကို တိုက်ခိုက်တာမျိုး ရှောင်ကြဉ်ကြတဲ့အတွက် အဲဒီကစားနည်းကို ကြည့်ပြီး ဘယ်လိုလုပ် အပန်းဖြေနိုင်မှာလဲ။”
စဉ်းစားကြည့်ပါ– ကိုယ်တိုင် အကြမ်းဖက်မှု ကျူးလွန်တာမှ မဟုတ်တာ၊ အားကစားလုပ်တာ ဒါမှမဟုတ် အပန်းဖြေကြည့်ရုံပဲဆိုပြီး ဆင်ခြေပေးနေသလား။ ဒါဆို ယေဟောဝါဘုရား ရွံမုန်းတဲ့သူတွေထဲမှာ အကြမ်းဖက်လုပ်ရပ် လုပ်တဲ့သူတွေကိုသာ မဟုတ်ဘဲ “အကြမ်းဖက်မှုကို နှစ်သက်သောသူ” ဆိုပြီး ဆာလံ ၁၁:၅ မှာ ဖော်ပြထားတာကို သတိရပါ။
ဘယ်လိုကစားသလဲ။ “ဂုဏ်ပြိုင်လိုသောစိတ်ဖြင့်လည်းကောင်း၊ အတ္တစိတ်ဖြင့်လည်းကောင်း မည်သည့်အမှုကိုမျှ မပြုကြနှင့်” ဆိုပြီး ကျမ်းစာပြောတယ်။—ဖိလိပ္ပိ ၂:၃။
ကစားတဲ့အခါ အသင်းနှစ်သင်း ပါတတ်ပြီး အပြိုင်အဆိုင် ကစားရတတ်တယ်။ အနိုင်ရမှ ဖြစ်မယ်ဆိုတဲ့ သဘောထားနဲ့ ကစားမယ်ဆိုရင် ပျော်ရွှင်မှုရမှာ မဟုတ်ဘူး။ ဆယ်ကျော်သက်အရွယ် ဘရိုင်ယန် ဒီလိုပြောတယ်– “အနိုင်ရချင်စိတ် လွှမ်းမိုးနေနိုင်တယ်။ အားကစားမှာ ပိုတော်လေ၊ နှိမ့်ချဖို့ ပိုလိုအပ်လေပဲ။”
စဉ်းစားကြည့်ပါ– ခရစ္စဆိုတဲ့ လူငယ်က “ကျွန်တော်တို့ အပတ်တိုင်း ဘောလုံးကန်တယ်။ ထိခိုက်ဒဏ်ရာတွေ ရကြတယ်” လို့ပြောတယ်။ ဒါဆို ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးကြည့်ပါ– ‘ထိခိုက်ဒဏ်ရာရတဲ့အထိ ကစားကြတဲ့ အကြောင်းရင်းက ဘာလဲ။ ထိခိုက်ဒဏ်ရာမရအောင် ငါဘက်က ဘာလုပ်နိုင်သလဲ။’
ဘယ်လောက်အထိ ကစားသလဲ။ ‘သာ၍အရေးကြီးသောအရာများကို သေချာစွာ သိစေပါ’ ဆိုပြီး ကျမ်းစာပြောတယ်။—ဖိလိပ္ပိ ၁:၁၀။
ဦးစားပေးလုပ်ရမယ့်အရာတွေထဲမှာ ဘုရားရေးရာ လုပ်ဆောင်မှုတွေက ပထမနေရာမှာ ဖြစ်သင့်တယ်။ တချို့အားကစားတွေက ကိုယ်တိုင် ဝင်ကစားတာပဲဖြစ်ဖြစ်၊ ကြည့်တာပဲဖြစ်ဖြစ် နာရီနဲ့ချီ ကြာတတ်တယ်။ “တီဗီကနေလွှင့်တဲ့ ကစားပွဲတွေကို ထိုင်ကြည့်လို့ အချိန်အများကြီး ကုန်သွားတယ်။ တခြားအကျိုးရှိတာတွေ မလုပ်ဖြစ်ဘူး။ ဒါနဲ့ အမေနဲ့ ကျွန်မ ခဏခဏ စကားများကြတယ်” ဆိုပြီး မိန်းမငယ် ဒရီယာ ပြောတယ်။
စဉ်းစားကြည့်ပါ– ဦးစားပေး လုပ်ရမယ့်အရာတွေနဲ့ ပတ်သက်ပြီး မိဘတွေ ပြောတဲ့အခါ သင် နားထောင်သလား။ မိန်းမငယ် ထရီနာ ဒီလိုပြောပြတယ်– “ကျွန်မတို့မောင်နှမတွေ အလုပ်မလုပ်ဘဲ ကစားပွဲကြည့်နေတဲ့အခါ အမေက ‘နင်တို့ ကြည့်ကြည့် မကြည့်ကြည့် အားကစားသမားတွေက ပိုက်ဆံရပြီးသား။ နင်တို့ကိုတော့ ဘယ်သူက ပေးမှာလဲ’ လို့ သတိပေးတတ်တယ်။ အမေ ပြောချင်တာက အားကစားသမားတွေက သူတို့ရဲ့ အလုပ် သူတို့လုပ်နေတာ။ ကျွန်မတို့က အခုအချိန်မှာ အိမ်စာတွေ၊ အိမ်အလုပ်တွေ မလုပ်ဘဲနေရင် နောင်ဆို ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် အားကစားပွဲကြည့်တာ၊ ကစားတာကို ပထမနေရာမှာ မထားသင့်ဘူးလို့ အမေဆိုလိုတာ။”