သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ | ယောဘ
နာကျင်မှုကို ယေဟောဝါ ကုသပေးခဲ့
နောက်ဆုံးတော့ လူတွေ နှုတ်ဆိတ်သွားတယ်။ အာရပ်သဲကန္တာရမှာ လေပူတွေ တိုက်ခတ်နေတဲ့ အသံတိုးတိုးလေးကိုပဲ ကြားရတော့တာ ဖြစ်နိုင်တယ်။ အချိန်အတော်ကြာ ငြင်းခုံခဲ့ကြလို့ မောသွားပြီး ယောဘမှာ ပြောစရာစကား မရှိတော့ဘူး။ ပြောစရာ ရှိသေးရင် ဆက်ပြောပါဆိုတဲ့ ဒေါသအကြည့်နဲ့ မိတ်ဆွေ သုံးယောက် ဖြစ်တဲ့ ဧလိဖတ်၊ ဗိလဒဒ်နဲ့ ဇောဖာကို ယောဘ စိုက်ကြည့်နေတာကို မြင်ယောင်ကြည့်ပါ။ ဒါပေမဲ့ သူတို့ကတော့ အကွက်ကျကျ ဖန်တီးထားတဲ့ အကြောင်းပြချက်တွေ၊ “အဓိပ္ပာယ်မဲ့” စကားတွေ၊ ခက်ထန်ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ယောဘကို ထိုးနှက်တိုက်ခိုက်တာ မအောင်မြင်လို့ စိတ်ဓာတ်ကျပြီး အဝေးကို ဒါမှမဟုတ် အောက်ကိုပဲ ကြည့်နေကြတယ်။ (ယောဘ ၁၆:၃) ယောဘကတော့ မိမိရဲ့ သမာဓိကို ကာကွယ်ဖို့ အရင်ကထက် စိတ်ပိုင်းဖြတ်ချက် ပိုခိုင်မာလာတယ်။
ကျန်တာဆိုလို့ သမာဓိပဲ ရှိတော့တယ်လို့ ယောဘ ခံစားနေရတာ ဖြစ်နိုင်တယ်။ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးကုန်ပြီ။ သားသမီး ဆယ်ယောက်လည်း သေသွားပြီ။ မိတ်ဆွေနဲ့ အိမ်နီးချင်းတွေက သူ့ကို မကူညီကြ၊ မလေးစားကြတော့ဘူး။ ကျန်းမာရေးလည်း ထိခိုက်သွားပြီ။ အရေပြားတွေလည်း ညိုမည်းနေပြီး အနာဖေးတွေ ဗရပွနဲ့။ လောက်တွေ တွယ်ကုန်ပြီ၊ အာပုပ်နံ့လည်း နံနေပြီ။ (ယောဘ ၇:၅။ ၁၉:၁၇။ ၃၀:၃၀) အဲဒီလူ သုံးယောက်ရဲ့ ထိုးနှက်ချက်တွေက ယောဘကို အလွန် ဒေါသထွက်စေတယ်။ သူတို့ စွပ်စွဲသလို ယုတ်မာတဲ့သူ မဟုတ်ဘူးဆိုတာကို အခိုင်အမာ သက်သေပြဖို့ ယောဘ ကြိုးစားခဲ့တယ်။ ယောဘရဲ့ နောက်ဆုံးစကားကြောင့် သူတို့ နှုတ်ပိတ်သွားတယ်။ ယောဘကို နောက်ထပ်ထိုးနှက်စရာ စကားလုံးတွေ မရှိတော့ဘူး။ ယောဘကတော့ စိတ်ရော ခန္ဓာပါ နာကျင်နေပြီ။ သူ အကူအညီ လိုနေတယ်။
ယောဘရဲ့အတွေး ဘာကြောင့် လွဲမှားနေတယ်ဆိုတာ နားလည်ပေးနိုင်ပါတယ်။ သူ့ကို တည့်မတ်ပဲ့ပြင်ပေးဖို့၊ နှစ်သိမ့်ပေးဖို့ လိုနေတယ်။ ဒါပေမဲ့ သူ့ရဲ့ မိတ်ဆွေသုံးယောက်က နှစ်သိမ့်မှု မပေးခဲ့ဘူး။ သင်လည်း လမ်းညွှန်မှုနဲ့ နှစ်သိမ့်မှု လိုအပ်နေချိန်မှာ မရဘူးလို့ ခံစားခဲ့ရဖူးသလား။ မိတ်ဆွေတွေလို့ ကိုယ်သတ်မှတ်ထားသူတွေကြောင့် စိတ်ပျက်ခဲ့ရဖူးသလား။ မိမိရဲ့ ကျွန် ယောဘကို ယေဟောဝါဘုရား နှစ်သိမ့်ပေးခဲ့ပုံနဲ့ ယောဘရဲ့ တုံ့ပြန်ပုံက သင့်ကို မျှော်လင့်ချက် ရှိစေပုံ၊ လက်တွေ့ကျကျ ကူညီပေးနိုင်ပုံကို သင်ယူပါ။
ပညာရှိပြီး ကြင်နာတတ်တဲ့ အကြံပေးသူ
ယောဘကျမ်းကနေ အံ့ဩစရာ အချက်တစ်ချက်ကို တွေ့ရတယ်။ ဧလိဟုလို့ ခေါ်တဲ့ နောက်ထပ် လူငယ်တစ်ယောက် ရှိနေတယ်။ လူကြီးတွေ အချေအတင် စကားပြောနေတာကို ဘာမှ ဝင်မပြောဘဲ နားထောင်နေတယ်။ သူတို့ ပြောဆိုနေတာတွေကို ဧလိဟု ဘဝင်မကျဘူး။
ဧလိဟုဟာ ယောဘကြောင့် စိတ်မကောင်း ဖြစ်နေတယ်။ ဖြောင့်မတ်တဲ့ ယောဘဟာ တခြားသူတွေရဲ့ ဖိအားကြောင့် သူ့ကိုယ်သူ “ဘုရားသခင်ထက် ပိုဖြောင့်မှန်တယ်ဆိုတာ ပြဖို့” ကြိုးစားနေတာကို တွေ့လို့ ဧလိဟု စိတ်ပျက်ခဲ့တယ်။ ဒါပေမဲ့ ဧလိဟုဟာ ယောဘရဲ့ နာကျင်မှု၊ စိတ်ရင်းမှန်မှုကို မြင်တယ်။ ကြင်ကြင်နာနာ ပဲ့ပြင်ပေးဖို့၊ နှစ်သိမ့်ပေးဖို့ လိုအပ်နေတာကို မြင်ပြီး စာနာခဲ့တယ်။ မိတ်ဆွေအတုအယောင် သုံးယောက်ကို ဧလိဟု ဆက်သည်းမခံနိုင်တော့တာ အံ့ဩစရာ မဟုတ်ပါဘူး။ ယောဘကို ထိုးနှက်နေတာ၊ ယောဘရဲ့ ယုံကြည်ခြင်း၊ ဂုဏ်သိက္ခာနဲ့ သမာဓိကို နင်းချေနေကြတာ သူ ကြားခဲ့ရတယ်။ ပိုဆိုးတာက သူတို့ရဲ့ အလိမ်အညာ စကားတွေက ဘုရားကိုတောင် ယုတ်မာသူ ဖြစ်စေခဲ့တယ်။ ဧလိဟု မဖြစ်မနေ စကားပြောရတော့မယ်။—ယောဘ ၃၂:၂-၄၊ ၁၈။
“ခင်ဗျားတို့က အသက်ကြီးပြီး ကျွန်တော်က အသက်ငယ်တဲ့အတွက် လေးစားတဲ့အနေနဲ့ နှုတ်ဆိတ်နေတာပါ။ ကိုယ်သိတာကို ပြောဖို့ မဝံ့မရဲ ဖြစ်နေတာပါ” လို့ ဧလိဟု ပြောတယ်။ ဒါပေမဲ့ ဆက်ပြီး နှုတ်ဆိတ် မနေနိုင်တော့ဘူး။ “အသက်ကြီးတိုင်းလည်း ပညာရှိတာ မဟုတ်ဘူး။ အသက်ကြီးသူတွေပဲ မှန်တာကို နားလည်တာ မဟုတ်ဘူး” လို့ သူ ဆက်ပြောတယ်။ (ယောဘ ၃၂:၆၊ ၉) ပြီးတဲ့နောက် ဧလိဟုဟာ သူ့စကားတွေ မှန်ကြောင်း စကားအရှည်ကြီး ဆက်ပြောတယ်။ ဧလိဖတ်၊ ဗိလဒဒ်၊ ဇောဖာတို့နဲ့ မတူတဲ့ စကားတွေ ပြောတယ်။ ယောဘကို အထင်သေးတဲ့စကား၊ ဖိအားပေးတဲ့ စကားတွေ မပြောဘူးလို့ ဧလိဟု စိတ်ချစေခဲ့တယ်။ ယောဘကို သူ ဂုဏ်တင်တယ်၊ ယောဘရဲ့ နာမည်ကို ခေါ်ပြီး စကားပြောတယ်၊ ယောဘ လေးလေးစားစား ဆက်ဆံမခံရဘူးဆိုတာကိုလည်း အသိအမှတ်ပြုတယ်။ * “ယောဘ၊ အခု ကျွန်တော် ပြောတာကို တစ်ဆိတ်လောက် နားထောင်ပါ” လို့ လေးလေးစားစား ပြောခဲ့တယ်။—ယောဘ ၃၃:၁၊ ၇။ ၃၄:၇။
“ကျုပ်ဟာ စင်ကြယ်တယ်။ အပြစ်မရှိဘူး။ သန့်ရှင်းပြီး အပြစ်ကင်းတယ်။ ဘုရားသခင်ကသာ ကျုပ်ကို အကြောင်းမရှိ အကြောင်းရှာပြီး တိုက်ခိုက်နေတာ . . . လို့ ခင်ဗျား ပြောခဲ့တယ်” ဆိုပြီး ဧလိဟုက ယောဘကို ပွင့်ပွင့်လင်းလင်း ဆုံးမတယ်။ ဧလိဟုဟာ ပြဿနာကို ဖော်ထုတ်ပြီး အခုလို မေးလိုက်တယ်– “ခင်ဗျားက ‘ဘုရားသခင်ထက် ကျုပ် ပိုဖြောင့်မတ်တယ်’ လို့ ပြောရလောက်တဲ့အထိ ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ယုံကြည်နေသလား။” ဒီအတိုင်း ဆက်ယူမှတ်ဖို့ ယောဘကို ဧလိဟု ခွင့်မပြုခဲ့ဘူး။ “အဲဒီလိုပြောတာ မမှန်ဘူး” လို့ လူငယ်က ဆက်ပြောတယ်။ (ယောဘ ၃၃:၈-၁၂။ ၃၅:၂) ဆုံးရှုံးမှုတွေကြောင့်၊ မိတ်ဆွေအတုအယောင်တွေရဲ့ မတော်မတရား ဆက်ဆံမှုကြောင့် ယောဘ ဒေါသထွက်နေမှန်း ဧလိဟု သိတယ်။ ဒါပေမဲ့ ဧလိဟုက ယောဘကို “ဒေါသကြောင့် အာဃာတ မထားမိအောင် သတိထားပါ” လို့ သတိပေးခဲ့တယ်။—ယောဘ ၃၆:၁၈။
ယေဟောဝါရဲ့ ကြင်နာမှုကို ဧလိဟု အလေးပေးခဲ့
ဧလိဟုဟာ ယေဟောဝါဘုရားဘက်ကနေ စကားပြောခဲ့တယ်။ “စစ်မှန်တဲ့ ဘုရားသခင်က ဆိုးညစ်တာကို ဘယ်တော့မှ မလုပ်ဘူး။ အနန္တတန်ခိုးရှင်က မကောင်းတာကို လုံးဝ မလုပ်ဘူး။ . . . အနန္တတန်ခိုးရှင်က အမှန်တရားကို ကပြောင်းကပြန် ဖြစ်အောင် မလုပ်ဘူး” ဆိုတဲ့ စကားလုံးနည်းနည်းနဲ့ အမှန်တရားကို အားမာန်ပါပါ ပြောဆိုခဲ့တယ်။ (ယောဘ ၃၄:၁၀၊ ၁၂) ယေဟောဝါရဲ့ ကရုဏာပါတဲ့ တရားမျှတမှု နမူနာအနေနဲ့ ယေဟောဝါကို ယောဘ မလေးမစား ပြောခဲ့တဲ့စကားတွေအတွက် ယောဘကို ဘုရား အပြစ်ပေးမှာ မဟုတ်ဘူးလို့ ဧလိဟု ပြောခဲ့တယ်။ (ယောဘ ၃၅:၁၃-၁၅) အဖြေအားလုံးကို သိတယ်လို့ ဧလိဟု မပြောဘဲ “ဘုရားသခင်ရဲ့ ကြီးမြတ်မှုကို ကျွန်တော်တို့ အပြည့်အဝ မသိနိုင်ဘူး” လို့ နှိမ့်ချမှုရှိရှိ အသိအမှတ်ပြုခဲ့တယ်။—ယောဘ ၃၆:၂၆။
ဧလိဟုရဲ့ ဆုံးမစကားတွေဟာ တဲ့တိုးကျပေမဲ့ ကြင်နာမှု ပါတယ်။ တစ်နေ့ကျရင် ယောဘကို ကျန်းမာရေး ပြန်ကောင်းအောင် ဘုရား လုပ်ပေးမယ်ဆိုတဲ့ သိပ်ကောင်းတဲ့ မျှော်လင့်ချက်အကြောင်း သူ ပြောခဲ့တယ်။ ဘုရားက မိမိရဲ့ သစ္စာရှိကျွန်တွေကို “လူငယ်ဘဝတုန်းကထက် အသားအရေ စိုပြည်လာပါစေ။ လူငယ့်အားမာန်နဲ့ ပြည့်တဲ့ နေ့ရက်တွေကို ပြန်ရပါစေလို့ ပြောတယ်” လို့ ပြောလိမ့်မယ်။ ဧလိဟု ကြင်နာမှုပြတဲ့ နောက်ထပ်သာဓကတစ်ခုက ယောကကို ပြစ်တင်ဆုံးမရုံသာ မဟုတ်ဘဲ စကားပြောဖို့၊ သူ မေးတာကို ဖြေဖို့ ယောဘကို ပြောခဲ့တယ်။ “ပြောစရာ ရှိရင် ပြန်ပြောပါတော့” လို့ ယောဘကို ပြောခဲ့တယ်။ (ယောဘ ၃၃:၂၅၊ ၃၂) ဒါပေမဲ့ ယောဘ အဖြေ မပေးခဲ့ဘူး။ ဒီလို ကြင်နာပြီး အားပေးမှု ဖြစ်စေတဲ့ ဆုံးမစကားတွေကို ပြန်ချေပစရာ မလိုဘူးလို့ ယောဘ ယူဆတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ဧလိဟုရဲ့ ဂရုစိုက်မှုကို ခံစားရလို့ ငိုနေတာလည်း ဖြစ်နိုင်တယ်။
ဒီသစ္စာရှိသူတွေဆီကနေ အရေးကြီးတဲ့ သင်ခန်းစာများစွာ သင်ယူနိုင်ပါတယ်။ လိုအပ်နေသူတွေကို ဘယ်လို ဆုံးမစကား ပြောရမယ်၊ ဘယ်လို နှစ်သိမ့်ပေးရမယ်ဆိုတာ ဧလိဟုဆီကနေ သင်ယူနိုင်တယ်။ မိတ်ဆွေစစ်တွေဟာ ကိုယ် ကြီးလေးတဲ့အမှား လုပ်နေတာ မြင်ရင်၊ အန္တရာယ်လမ်းကို လိုက်နေမှန်း သိရင် သတိမပေးဘဲ မနေဘူး။ (ပညာအလိမ္မာ ၂၇:၆) ကျွန်တော်တို့လည်း အဲဒီလို မိတ်ဆွေမျိုး ဖြစ်ချင်ကြပါတယ်။ လိုအပ်နေသူတွေက မဆင်မခြင် ပြောဆိုရင်တောင် ကြင်ကြင်နာနာနဲ့ အားပေးချင်ကြတယ်။ ကျွန်တော်တို့ကိုယ်တိုင် အဲဒီလို ဆုံးမခံရဖို့ လိုတယ်ဆိုရင် ဆုံးမစကားကို ငြင်းပယ်မယ့်အစား နှိမ့်ချစိတ်နဲ့ လက်ခံဖို့ ယောဘရဲ့ နမူနာက သတိပေးချက် ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့အားလုံး ဆုံးမပဲ့ပြင်ခံရဖို့ လိုအပ်ကြတယ်။ ဆုံးမတာကို လက်ခံတာက အသက်ကို ကယ်တင်နိုင်တယ်။—ပညာအလိမ္မာ ၄:၁၃။
“လေမုန်တိုင်းထဲကနေ”
ဧလိဟု စကားပြောတဲ့အခါ လေ၊ မိုးတိမ်၊ မိုးကြိုး၊ လျှပ်စီးအကြောင်း မကြာခဏ ပြောတယ်။ “ဘုရားရဲ့ မြည်ဟည်းသံ၊ နှုတ်တော်က ထွက်တဲ့ မိုးချုန်းသံကို အသေအချာ နားထောင်ကြပါ” လို့ သူ ပြောခဲ့တယ်။ ခဏအကြာမှာတော့ “လေပြင်း” အကြောင်း ဧလိဟု ပြောခဲ့တယ်။ (ယောဘ ၃၇:၂၊ ၉) ယောဘနဲ့ ဧလိဟု စကားပြောနေချိန်မှာပဲ လေက တဖြည်းဖြည်း ပြင်းလာပုံရတယ်။ နောက်ဆုံးမှာ အင်အားကြီးတဲ့ လေမုန်တိုင်း ဖြစ်သွားတယ်။ အဲဒီနောက် ပိုပြီး ထူးဆန်းတဲ့အရာ ဖြစ်လာတယ်။ ယေဟောဝါ စကားပြောပါပြီ။—ယောဘ ၃၈:၁။
သဘာဝလောကအကြောင်း စကြဝဠာ ဖန်ဆင်းရှင် ဟောပြောနေတာကို နားထောင်ခွင့် ရတယ်လို့ မြင်ယောင်ကြည့်ပါ
ယောဘကို ပြောတဲ့ ယေဟောဝါရဲ့ စကားတွေကို ယောဘကျမ်းမှာ ဖတ်ရလို့ ကျွန်တော်တို့ ဝမ်းသာကြတယ်။ အမှန်တရား လေပြင်းက အဓိပ္ပာယ်မဲ့တဲ့ စကားတွေကို လွင့်စင်သွားစေသလိုပဲ ဧလိဖတ်၊ ဗိလဒဒ်၊ ဇောဖာတို့ရဲ့စကားတွေ ပျောက်လွင့်သွားတယ်။ အဲဒီလူတွေကို ယေဟောဝါ စကားမပြောသေးဘူး။ ယောဘတစ်ယောက်တည်းကိုပဲ အာရုံစိုက်ခဲ့တယ်။ သားကို မေတ္တာပါပါ ဆုံးမနေတဲ့ ဖခင်လို ခိုင်ခိုင်မာမာ စကားပြောခဲ့တယ်။
ယောဘရဲ့ နာကျင်မှုကို ယေဟောဝါ နားလည်တယ်။ မိမိချစ်ရတဲ့ သားသမီးတွေ ဝေဒနာ ခံစားရတဲ့အခါတိုင်း ခံစားရသလိုပဲ ယောဘကို ဘုရား သနားခဲ့တယ်။ (ဟေရှာယ ၆၃:၉။ ဇာခရိ ၂:၈) ဒါပေမဲ့ ယောဘ “ဘာမှ မသိဘဲ ပြောနေ” လို့ အခြေအနေတွေ ပိုဆိုးသွားတယ်။ ဒါကြောင့် ယေဟောဝါဟာ ယောဘကို မေးခွန်းတွေ ဆက်တိုက် မေးပြီး ပဲ့ပြင်တည့်မတ် ပေးခဲ့တယ်။ “ကမ္ဘာကြီးကို ငါအုတ်မြစ်ချတုန်းက မင်း ဘယ်မှာ ရှိသလဲ။ နားလည်ရင် ပြောပါ” ဆိုတဲ့ မေးခွန်းနဲ့ အစပြုခဲ့တယ်။ ဖန်ဆင်းခြင်း စတင်ချိန်မှာ ဘုရားရဲ့ မိသားစုဝင် ကောင်းကင်တမန်တွေ ဖြစ်တဲ့ “မိုးသောက်ကြယ်တွေ” ဟာ ရွှင်လန်းစွာ သီချင်းဆိုပြီး လက်ခုပ်ဩဘာပေးကြတယ်။ (ယောဘ ၃၈:၂၊ ၄၊ ၇) အဲဒီအကြောင်း ယောဘ ဘာမှ မသိခဲ့ဘူး။
ယေဟောဝါဟာ မိမိရဲ့ ဖန်ဆင်းခြင်းအကြောင်း ဆက်ပြောတယ်။ သဘာဝ သိပ္ပံပညာလို့ ယနေ့ လူတွေ ခေါ်ဆိုနေတဲ့ နက္ခတ္တဗေဒ၊ ဇီဝဗေဒ၊ ဘူမိဗေဒ၊ ရူပဗေဒပညာအကြောင်း ယောဘကို ယေဟောဝါ အကြမ်းဖျင်း ဖော်ပြခဲ့တယ်။ အထူးသဖြင့် ယောဘ နေထိုင်တဲ့ ဒေသမှာ တွေ့ရတဲ့ ခြင်္သေ့၊ ကျီးနက်၊ တောင်ဆိတ်၊ မြည်းရိုင်း၊ နွားရိုင်း၊ ငှက်ကုလားအုတ်၊ မြင်း၊ သိမ်းငှက်၊ လင်းယုန်၊ ဗေဟမုတ် (ရေမြင်း ဖြစ်နိုင်)၊ လဝိသန် (မိကျောင်း ဖြစ်နိုင်) တို့အကြောင်း ဖော်ပြခဲ့တယ်။ သဘာဝလောကအကြောင်း စကြဝဠာကို ဖန်ဆင်းတဲ့အရှင် ဟောပြောနေတာကို နားထောင်ခွင့် ရတယ်လို့ မြင်ယောင်ကြည့်ပါ။ *
နှိမ့်ချမှုနဲ့ မေတ္တာအကြောင်း သင်ပေး
ဒါတွေအားလုံးက ဘာအတွက်လဲ။ ယောဘမှာ နှိမ့်ချမှု ရှိဖို့ လိုအပ်နေတယ်။ မိမိကို ယေဟောဝါ မတရားဆက်ဆံတယ်လို့ ပြစ်တင်ပြောဆိုခြင်းအားဖြင့် ယောဘဟာ မိမိရဲ့ နာကျင်မှုကို ပိုဆိုးစေပြီး မေတ္တာရှင် ဖခင်နဲ့ ဆက်ဆံရေးကို ထိခိုက်စေခဲ့တယ်။ ဒါကြောင့် စကြဝဠာမှာ ရှိတဲ့ အံ့ဖွယ်အရာတွေ စတင် တည်ရှိလာတဲ့အခါ ယောဘ ဘယ်မှာ ရှိသလဲ၊ ဘုရား ဖန်ဆင်းထားတဲ့ တိရစ္ဆာန်တွေကို ယောဘ ကျွေးနိုင်၊ ထိန်းချုပ်နိုင်သလားဆိုတဲ့ မေးခွန်းကို ယေဟောဝါ ဆက်တိုက် မေးခဲ့တယ်။ ယေဟောဝါ ဖန်ဆင်းထားတဲ့ ရိုးရှင်းတဲ့အရာတွေကိုတောင် မထိန်းချုပ်နိုင်ရင် ဖန်ဆင်းရှင်ကို ဘယ်လိုလုပ် ပြစ်တင်ဝေဖန်နိုင်မလဲ။ ယေဟောဝါရဲ့ နည်းလမ်းနဲ့ အတွေးတွေဟာ အကန့်အသတ်သာ ရှိတဲ့ ယောဘထက် များစွာ သာလွန်ပါတယ်။
ယောဘ အငြင်းအခုံ မလုပ်ခဲ့ဘူး။ ဆင်ခြေဆင်လက် မပေးခဲ့ဘူး
ယေဟောဝါ ပြောသမျှမှာ ယောဘကို အလွန် ချစ်ကြောင်း ပေါ်လွင်တယ်။ ယေဟောဝါဟာ ယောဘနဲ့ ဒီလို ကျိုးကြောင်းဆင်ခြင်ခဲ့တယ်– ‘သား၊ ဒါတွေကို ငါဖန်ဆင်းပြီး စောင့်ရှောက်နိုင်တယ်ဆိုရင် မင်းကို မစောင့်ရှောက်ဘူးလို့ ထင်နေသလား။ မင်းကို ငါ စွန့်ပစ်ပါ့မလား၊ မင်းရဲ့ သားသမီးတွေ၊ မင်းဘဝ အာမခံချက်နဲ့ မင်းရဲ့ ကျန်းမာရေးကို ငါလုယူပါ့မလား။ မင်း ဆုံးရှုံးသွားတာတွေကို ပြန်ရအောင် လုပ်ပေးမယ့်သူ၊ မင်းရဲ့ နာကျင်မှုကို ပြန်ကုစားပေးမယ့်သူက ငါပဲ မဟုတ်လား။’
ယေဟောဝါရဲ့ စဉ်းစားစေတဲ့ မေးခွန်းတွေထဲက နှစ်ခုကိုပဲ ယောဘ ပြန်ဖြေခဲ့တယ်။ ယောဘ အငြင်းအခုံ မလုပ်ခဲ့ဘူး။ အကြောင်းပြချက်တွေ၊ ဆင်ခြေတွေ မပေးခဲ့ဘူး။ သူ ဘာမှ မသိဘူးလို့ နှိမ့်ချစွာ ဝန်ခံခဲ့တယ်၊ မဆင်မခြင် ပြောခဲ့တာတွေအတွက် နောင်တရခဲ့တယ်။ (ယောဘ ၄၀:၄၊ ၅။ ၄၂:၁-၆) ဒီနေရာမှာ ယုံကြည်ခြင်းရဲ့ အကောင်းဆုံး စံနမူနာကို တွေ့ရတယ်။ ယောဘဟာ ခံနိုင်ရည် ရှိသူ၊ ယုံကြည်ခြင်း ခိုင်မြဲသူ ဖြစ်တယ်။ ယေဟောဝါရဲ့ ဆုံးမပဲ့ပြင်မှုကို လက်ခံပြီး အဲဒီကနေ အကျိုး ရယူခဲ့တယ်။ ကျွန်တော်တို့လည်း ကိုယ့်ကိုယ်ကိုယ် ဒီလို မေးသင့်တယ်– ‘ပဲ့ပြင်တည့်မတ်မှု၊ ဆုံးမမှုကို ငါ နှိမ့်ချစွာ လက်ခံသလား။’ ကျွန်တော်တို့အားလုံး အဲဒီလို အကူအညီ လိုအပ်ကြတယ်။ အကူအညီကို လက်ခံတယ်ဆိုရင် ယောဘရဲ့ ယုံကြည်ခြင်းကို အတုယူနေတာ ဖြစ်တယ်။
‘ငါ့အကြောင်း အမှန်အတိုင်း မင်းတို့ မပြောကြဘူး’
ယေဟောဝါဟာ ယောဘရဲ့ နာကျင်မှုကို နှစ်သိမ့်ဖို့ လုပ်ဆောင်ခဲ့တယ်။ မိတ်ဆွေ အတုအယောင် သုံးယောက်ထဲမှာ အသက်အကြီးဆုံး ဖြစ်ပုံရတဲ့ ဧလိဖတ်ကို ယေဟောဝါ ဒီလို ပြောတယ်– “မင်းနဲ့ မိတ်ဆွေနှစ်ယောက်ကို ငါစိတ်ဆိုးတယ်။ ငါ့အကြောင်းကို ငါ့ကျွန်ယောဘ အမှန်အတိုင်း ပြောသလိုမျိုး မင်းတို့ မပြောကြဘူး။” (ယောဘ ၄၂:၇) အဲဒီစကားတွေကို စဉ်းစားကြည့်ပါ။ အဲဒီအမျိုးသား သုံးယောက် ပြောတာ အကုန် မှားတယ်၊ ယောဘ ပြောတာ အကုန် မှန်တယ်လို့ ယေဟောဝါ ပြောနေတာလား။ မဟုတ်ပါဘူး။ * ဒါပေမဲ့ ယောဘနဲ့ သူ့ကို စွပ်စွဲသူတွေမှာ လုံးလုံး မတူတာ တစ်ခု ရှိတယ်။ ယောဘဟာ မမှန်မကန် စွပ်စွဲခံရလို့ အလွန် ဝမ်းနည်းနေတယ်၊ စိတ်အားငယ်နေတယ်။ အဲဒါကြောင့် စကားမဆင်မခြင် ပြောမိတာကို နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ဧလိဖတ်နဲ့ မိတ်ဆွေ နှစ်ယောက်ကတော့ အဲဒီလို ခက်ခဲတဲ့ အခြေအနေမျိုး မကြုံရဘူး။ ယုံကြည်ခြင်း အားနည်းပြီး ထိုးနှက်တဲ့ စကားတွေကို တမင်တကာ ပြောနေကြတာ။ အပြစ်မဲ့သူကို ထိုးနှက်ရုံသာမက ပိုဆိုးတာက ယေဟောဝါကို ခက်ထန်၊ ရက်စက်ပုံပေါက်အောင် တလွဲပြောဆိုခဲ့ကြတယ်။
ဒါကြောင့် အဲဒီလူတွေကို တန်ဖိုးကြီးတဲ့ ပူဇော်သက္ကာ ပူဇော်ဖို့ ယေဟောဝါ တောင်းဆိုတာ အံ့ဩစရာ မဟုတ်ပါဘူး။ နွား ၇ ကောင်နဲ့ ဆိတ် ၇ ကောင်ကို ပူဇော်ရမှာ ဖြစ်တယ်။ အဲဒါက နည်းတဲ့ ပမာဏ မဟုတ်ဘူး။ နောက်ပိုင်း မောရှေပညတ်မှာ ပုရောဟိတ်ကိုယ်တိုင် အပြစ်လုပ်မိပြီး လူတွေအပေါ် အပြစ်ရောက်စေတယ်ဆိုရင် နွားပူဇော်ဖို့ တောင်းဆိုထားတယ်။ (ဝတ်ပြုရာ ၄:၃) အဲဒါဟာ ပညတ်တရားက တောင်းဆိုတဲ့ ဈေးအကြီးဆုံး တိရစ္ဆာန် ဖြစ်တယ်။ သူတို့ကိုယ်စား ယောဘကိုယ်တိုင် အရင် ဆုတောင်းပေးမှ စွပ်စွဲသူတွေရဲ့ ပူဇော်သက္ကာကို လက်ခံမယ်လို့ ယေဟောဝါ ပြောခဲ့တယ်။ *
“ငါ့ကျွန်ယောဘက မင်းတို့အတွက် ဆုတောင်းပေးလိမ့်မယ်။”—ယောဘ ၄၂:၈
ယောဘကို အလွန်အမင်း စိတ်ထိခိုက်အောင် လုပ်ခဲ့တဲ့ အဲဒီလူတွေကို ယောဘ ခွင့်လွှတ်မယ်ဆိုတာ ယေဟောဝါ ယုံကြည်စိတ်ချတယ်။ ယောဘဟာ ဖခင်ကို စိတ်ပျက်အောင် မလုပ်ခဲ့ဘူး။ (ယောဘ ၄၂:၉) သူ သမာဓိရှိတယ်ဆိုတာ သူ့ရဲ့ နာခံမှုက စကားတွေထက် ပိုအစွမ်းထက်တဲ့ သက်သေပါပဲ။ အဲဒါကြောင့် ယောဘရဲ့ ဘဝမှာ ထူးမြတ်တဲ့ ကောင်းချီးတွေ ခံစားခဲ့ရတယ်။
“အလွန် ချစ်ခင်စာနာ”
ယေဟောဝါဟာ ယောဘကို “အလွန် ချစ်ခင်စာနာပြီး ကရုဏာ” ပြခဲ့တယ်။ (ယာကုပ် ၅:၁၁) ဘယ်လိုနည်းနဲ့လဲ။ ယောဘ ကျန်းမာရေး ပြန်ကောင်းအောင် လုပ်ပေးခဲ့တယ်။ ဧလိဟု ကြိုပြောခဲ့သလို ယောဘဟာ “လူငယ်ဘဝတုန်းကထက် အသားအရေ စိုပြည်လာ” တာကို တွေ့ရတဲ့အခါ ဘယ်လို ခံစားရမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေကလည်း ယောဘကို နှစ်သိမ့်ပေး၊ လက်ဆောင်တွေ ပေးပြီး လိုအပ်တာတွေ ကူညီပေးကြတယ်။ ယေဟောဝါဟာ ယောဘကို ကြွယ်ဝချမ်းသာအောင် လုပ်ပေးပြီး အရင်ထက် ကောင်းချီးနှစ်ဆ ပေးခဲ့တယ်။ ဝမ်းနည်းစရာ အကောင်းဆုံး ဖြစ်တဲ့ သားသမီးတွေ ဆုံးရှုံးသွားတာကော။ နောက်ထပ် သားသမီးဆယ်ယောက် မွေးလာတဲ့အခါ ယောဘနဲ့ သူ့ဇနီးဟာ အတော်အတန် နှစ်သိမ့်မှု ခံစားခဲ့ရမှာပဲ။ ယေဟောဝါဟာ အံ့ဖွယ်နည်းနဲ့ ယောဘရဲ့ သက်တမ်းကို ရှည်စေခဲ့တယ်။ ယောဘဟာ နောက်ထပ် အနှစ် ၁၄၀ ပိုအသက်ရှင်ခဲ့လို့ သူ့ရဲ့ နောက်လူမျိုးဆက် လေးဆက်ကို မြင်တွေ့ခွင့် ရခဲ့တယ်။ “ယောဘဟာ ကျေနပ်စရာကောင်းတဲ့ ဘဝနဲ့ အသက်ရှည်ရှည် နေရပြီးနောက် ကွယ်လွန်သွားတယ်။” (ယောဘ ၄၂:၁၀-၁၇) ပရဒိသုမှာ ယောဘနဲ့ သူ့ရဲ့ ချစ်ဇနီးဟာ စာတန်ကြောင့် သေဆုံးသွားတဲ့ သားသမီးဆယ်ယောက် အပါအဝင် မိသားစုဝင်အားလုံးနဲ့ ပြန်ပေါင်းစည်းပါလိမ့်မယ်။—ယောဟန် ၅:၂၈၊ ၂၉။
ယောဘကို ယေဟောဝါ ဘာကြောင့် ကြွယ်ဝစွာ ဆုချခဲ့သလဲ။ “ယောဘရဲ့ ခံနိုင်ရည်အကြောင်း ကြားဖူး” မှာပါလို့ ကျမ်းစာမှာ အဖြေပေးထားတယ်။ (ယာကုပ် ၅:၁၁) ယောဘဟာ ကျွန်တော်တို့ စဉ်းစားလို့ ရနိုင်တာထက် ပိုများတဲ့ အခက်အခဲတွေကို ခံရပ်ခဲ့တယ်။ “ခံနိုင်ရည်” ဆိုတဲ့ စကားလုံးက ဆင်းရဲဒုက္ခတွေကို ခံရပ်ရုံထက်မက ယောဘ လုပ်ဆောင်ခဲ့တယ်ဆိုတာ သိရတယ်။ ယေဟောဝါအပေါ် ထားရှိတဲ့ သူ့ရဲ့ ယုံကြည်ခြင်းနဲ့ ခိုင်မြဲတဲ့ မေတ္တာကြောင့် ခံရပ်နိုင်ခဲ့တယ်။ ဒေါသစိတ်နဲ့ နာကြည်းမယ့်အစား သူ့ကို တမင်တကာ ထိခိုက်အောင် လုပ်ခဲ့သူတွေကို လိုလိုလားလား ခွင့်လွှတ်ပေးခဲ့တယ်။ သူ့ရဲ့ မျှော်လင့်ချက်ကို ဘယ်တော့မှ မစွန့်လွှတ်ခဲ့ဘူး။ အဖိုးတန်ဆုံး ဖြစ်တဲ့ ဘုရားအပေါ် သူ့ရဲ့ သမာဓိကို ကာကွယ်ခဲ့တယ်။—ယောဘ ၂၇:၅။
ကျွန်တော်တို့ တစ်ယောက်စီလည်း ခံနိုင်ရည် ရှိဖို့ လိုတယ်။ စာတန်ဟာ ယောဘကို လုပ်သလို ကျွန်တော်တို့ကိုလည်း စိတ်ပျက်အားလျော့အောင် လုပ်မှာ သေချာတယ်။ ဒါပေမဲ့ ယုံကြည်ခြင်းနဲ့ ခံရပ်မယ်၊ ဆက်နှိမ့်ချမယ်၊ တခြားသူတွေကို လိုလိုလားလား ခွင့်လွှတ်မယ်၊ ကိုယ့်ရဲ့ သမာဓိကို ကာကွယ်ဖို့ စိတ်ပိုင်းဖြတ်ထားမယ်ဆိုရင် ကျွန်တော်တို့လည်း အဖိုးတန် မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားနိုင်ပါလိမ့်မယ်။ (ဟီဘရူး ၁၀:၃၆) ယောဘရဲ့ သစ္စာရှိမှုကို တုပမယ်ဆိုရင် စာတန်ကို အလွန် ဒေါသထွက်စေပြီး ယေဟောဝါကို ပျော်ရွှင်စေပါလိမ့်မယ်။
^ အပိုဒ်၊ 6 ဧလိဖတ်၊ ဗိလဒဒ်၊ ဇောဖာတို့ ယောဘကို ပြောခဲ့တဲ့ စကားတွေဟာ ကျမ်းစာရဲ့ အခန်းကြီး ၉ ခန်းစာလောက် ရှိပေမဲ့ ယောဘရဲ့ နာမည်ကို ခေါ်တာ တစ်ခါမှ မတွေ့ဘူး။
^ အပိုဒ်၊ 14 ယောဘကို ယေဟောဝါ စကားပြောတဲ့အခါ တစ်ခါတလေ တဲ့တိုး၊ တစ်ခါတလေ ဖွဲ့နွဲ့ပြောဆိုခဲ့တယ်။ (နမူနာအနေနဲ့ ယောဘ ၄၁:၁၊ ၇၊ ၈၊ ၁၉-၂၁ ကိုကြည့်ပါ။) ဘယ်လိုနည်းနဲ့ပဲ ပြောပါစေ ဘုရားရဲ့ ရည်ရွယ်ချက်ကတော့ ဖန်ဆင်းရှင်ကို နက်နက်ရှိုင်းရှိုင်း လေးစားစေဖို့ပါပဲ။
^ အပိုဒ်၊ 18 နောက်ပိုင်းမှာ တမန်တော် ပေါလုဟာ ဧလိဖတ် ပြောခဲ့တဲ့ စကားကို အမှန်တရားအဖြစ် ကိုးကားခဲ့တယ်။ (ယောဘ ၅:၁၃။ ၁ ကောရိန္သု ၃:၁၉) ဧလိဖတ်ဟာ အမှန်တရားကို ပြောခဲ့ပေမဲ့ အဲဒီအမှန်တရားနဲ့ ယောဘကို စွပ်စွဲခဲ့တယ်။
^ အပိုဒ်၊ 19 ဇနီးရဲ့ ကိုယ်စား ပူဇော်သက္ကာ ဆက်သဖို့ ယောဘကို တောင်းဆိုတယ်ဆိုတဲ့ မှတ်တမ်း မရှိဘူး။