မာတိကာဆီ ကျော်သွား

မိသားစုအတွက် အကူအညီ | သားသမီး ပြုစုပျိုးထောင်ခြင်း

ကလေးတွေ စာဖတ်ဖို့ ဘာကြောင့် အရေးကြီးသလဲ—အပိုင်း ၁။ ဖတ်မလား၊ ကြည့်မလား။

ကလေးတွေ စာဖတ်ဖို့ ဘာကြောင့် အရေးကြီးသလဲ—အပိုင်း ၁။ ဖတ်မလား၊ ကြည့်မလား။

 သင့်ကလေးတွေ အနားယူတဲ့အခါ ဘာတွေ လုပ်လေ့ရှိသလဲ။ ဗီဒီယို ကြည့်ကြသလား၊ စာဖတ်ကြသလား။ ဖုန်းကို ကောက်ကိုင်ကြသလား၊ စာအုပ်ကို ကောက်ကိုင်ကြသလား။

 တီဗီနဲ့ အွန်လိုင်းမီဒီယာမှာ ကြည့်စရာ၊ လုပ်စရာတွေ များလွန်းတဲ့အတွက် လူတွေ စာမဖတ်ချင်တော့တာ နှစ်အတော်ကြာနေပြီ။ “စာဖတ်တဲ့ ဓလေ့ ပျောက်ကွယ်တော့မယ်” ဆိုပြီး ၁၉၉၀ ပြည့်နှစ်ထုတ် အန္တရာယ် ကြုံနေတဲ့စိတ် စာအုပ်မှာ ဂျိန်း ဟီလီ ရေးခဲ့တယ်။

 အဲဒီအချိန်တုန်းကတော့ ဒီဖော်ပြချက်က ပိုလွန်းတယ်လို့ ထင်ခဲ့ကြတယ်။ အခု၊ နည်းပညာ တိုးတက်နေတဲ့ နိုင်ငံတွေမှာ လူငယ်တွေ စာဖတ်စွမ်းရည် ညံ့ဖျင်းနေပြီဆိုပြီး ကျောင်းဆရာတွေ ဆိုကြတယ်။

ဒီဆောင်းပါးမှာ

 ကလေးတွေ စာဖတ်ဖို့ ဘာကြောင့် အရေးကြီးသလဲ

  •   စာဖတ်တာက စိတ်ကူးဉာဏ် ကွန့်မြူးစေတယ်။ ဥပမာ၊ ဝတ္ထုတစ်ပုဒ် ဖတ်တဲ့အခါ ဇာတ်ကောင်တွေရဲ့ အသံနေအသံထား ဘယ်လိုလဲ။ သူတို့ ဘယ်လိုပုံစံ ရှိသလဲ။ ရှုခင်းတွေက ဘယ်လိုလဲ။ ကလောင်ရှင်က သဲလွန်စတွေ ပေးတယ်၊ စာဖတ်သူက စိတ်ကူးပုံဖော်ရတယ်။

     “မီဒီယာတွေ ကြည့်တဲ့အခါ တခြားတစ်ယောက်ရဲ့ စိတ်ကူးစိတ်သန်းကို ကြည့်နေတာပါ။ ဒါ ဘယ်လောက်ပဲ ပျော်စရာကောင်းပါစေ စာဖတ်တဲ့အခါမှာတော့ တခြားသူရဲ့ အရေးအသားကို ကိုယ့်စိတ်ထဲ ရုပ်လုံးဖော်ပြီး မြင်ယောင်လာစေတယ်” လို့ လော်ရာဆိုတဲ့ မိခင် ပြောတယ်။

  •   စာဖတ်တာက အရည်အသွေးကောင်းတွေ ရှိစေတယ်။ ကလေးတွေ စာဖတ်တဲ့အခါ ပြဿနာတွေကို စဉ်းစားဆင်ခြင်ပြီး ဖြေရှင်းတတ်လာတယ်။ စာဖတ်တဲ့အခါ အာရုံစိုက်ရမှာ ဖြစ်လို့ စိတ်ရှည်လာတယ်၊ ချုပ်တည်းတတ်လာတယ်၊ ကိုယ်ချင်းစာတတ်လာတယ်။

     ကိုယ်ချင်းစာတယ်ဆိုတာ ဘာလဲ။ ကလေးတွေက အကြောင်းအရာတစ်ခုကို အချိန်ပေးပြီး အသေအချာ ဖတ်တဲ့အခါ ဇာတ်ကောင်ရဲ့ စိတ်နေသဘောထားကို စဉ်းစားတတ်လာတယ်လို့ သုတေသီတချို့ ယူဆတယ်။ ဒါက နေ့စဉ်ဘဝမှာ ဆုံတွေ့ရသူတွေကို ကိုယ်ချင်းစာစိတ် ရှိစေတယ်။

  •   စာဖတ်တာက လေးလေးနက်နက် တွေးတောစေတယ်။ စာဖတ်တဲ့အခါ ကလောင်ရှင် ဆိုလိုချင်တာကို သဘောပေါက်နိုင်ဖို့ ကိုယ့်နှုန်းအတိုင်း ဂရုတစိုက် ဖတ်ရင်း တစ်ခါတလေ စာကြောင်းတွေကို ပြန်ဖတ်ဖို့ လိုတယ်။ ဒါမှ ဖတ်တဲ့အကြောင်းကို ပိုမှတ်မိပြီး အကျိုးခံစားရမယ်။—၁ တိမောသေ ၄:၁၅

     ဂျိုးဇက်ဆိုတဲ့ ဖခင်က “စာဖတ်တဲ့အခါ ဝါကျတစ်ကြောင်းရဲ့ အဓိပ္ပာယ်ကို စဉ်းစားတယ်။ ကိုယ်သိထားတာနဲ့ နှိုင်းယှဉ်တယ်။ ဒီကနေ ဘာသင်ခန်းစာတွေ ယူနိုင်သလဲဆိုတာကို သုံးသပ်တယ်။ မီဒီယာတွေ ကြည့်တဲ့အခါမှာတော့ အဲဒီလို လေးလေးနက်နက် မတွေးတောဖြစ်ဘူး” လို့ ပြောတယ်။

 အဓိကအချက်။ ဗီဒီယိုတွေ၊ မီဒီယာတွေက တန်ဖိုးရှိပေမဲ့ ကလေးတွေဟာ စာဖတ်ဖို့ အချိန်မပေးဘူးဆိုရင် အရေးကြီးတာကို လက်လွတ်သွားနိုင်တယ်။

 စာဖတ်ဖို့ ဘယ်လို အားပေးမလဲ

  •   စောစော စပါ။ “ကလေးတွေ ဗိုက်ထဲမှာ ရှိကတည်းက ကျွန်မတို့ စာဖတ်ပေးတယ်။ မွေးလာပြီးတဲ့နောက်လည်း စာဖတ်ပေးတယ်။ ဒီလိုဖတ်ပေးလို့ ဝမ်းသာမိတယ်။ ကြီးလာတဲ့အခါ သူတို့ စာဖတ်ဝါသနာ ပါလာတယ်၊ စာမဖတ်ရ မနေနိုင် ဖြစ်လာတယ်” ဆိုပြီး သားနှစ်ယောက် ရှိတဲ့ မိခင် ခလိုအီ ပြောတယ်။

     ကျမ်းစာမူ။ “သမ္မာကျမ်းစာကို နို့စို့အရွယ်ကတည်းက မင်း သိရှိခဲ့တယ်။”—၂ တိမောသေ ၃:၁၅

  •   စာဖတ်ဖို့ အားပေးတဲ့ ဝန်းကျင် ဖန်တီးပေးပါ။ အိမ်မှာ စာအုပ်စာပေတွေကို ကလေးတွေ အလွယ်တကူ ရနိုင်အောင် ထားပေးပါ။ သားသမီးလေးယောက် မိခင် တမာရာက “ကလေးတွေ ဖတ်ပျော်တဲ့ စာအုပ်တွေ ရှာပြီး ကုတင်ဘေးမှာ ထားပေးလိုက်ပါ” လို့ ပြောတယ်။

     ကျမ်းစာမူ။ “ကလေးကို သူ သွားသင့်တဲ့ လမ်းအတိုင်း လေ့ကျင့်ပေးပါ။ အသက်ကြီးလာရင်တောင် အဲဒီလမ်းကို သူ စွန့်ခွာမှာ မဟုတ်ဘူး။”—ပညာအလိမ္မာ ၂၂:၆

  •   အင်တာနက် သုံးတာကို ကန့်သတ်ထားပါ။ ဒယ်နီယယ်ဆိုတဲ့ ဖခင်က အီလက်ထရောနစ်ပစ္စည်း မသုံးတဲ့ည ဆိုပြီး သတ်မှတ်ထားတယ်။ “တစ်ပတ်မှာ တစ်ညပဲ ဖြစ်ပါစေ တီဗီ လုံးဝ မဖွင့်ဘဲ အေးအေးဆေးဆေး နေကြတယ်။ အဲဒီအချိန်မှာ အတူတူဖြစ်စေ၊ သီးသန့်ဖြစ်စေ စာဖတ်ကြတယ်” လို့ ပြောတယ်။

     ကျမ်းစာမူ။ ‘ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိနိုင်ကြပါ။’—ဖိလိပ္ပိ ၁:၁၀

  •   ပုံသက်သေ ပြပါ။ သမီးနှစ်ယောက် မိခင် ကရီနာက အခုလိုလုပ်ဖို့ အားပေးတယ်- “ကလေးတွေကို ဝတ္ထုတိုလေးတွေ ဖတ်ပြတဲ့အခါ အသက်ဝင်အောင် ဖတ်ပြပါ။ ဖတ်နေတဲ့ အကြောင်းကို ကိုယ်တိုင်လည်း စိတ်ဝင်စားမှု ပြပါ။ ကိုယ်တိုင် စာဖတ် ဝါသနာပါရင် ကလေးတွေလည်း ကျွန်မတို့လိုပဲ စာဖတ်ချင်လာမယ်။”

     ကျမ်းစာမူ။ ‘လူတွေရှေ့ စာဖတ်တာကို အမြဲ ကြိုးစားလုပ်ဆောင်ပါ။’—၁ တိမောသေ ၄:၁၃

 ကလေးတိုင်း စာဖတ်ဝါသနာ ပါကြမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကလေးတွေကို နည်းနည်းလေး အားပေးလိုက်မယ်ဆိုရင် ဖတ်ချင်စိတ် ပေါ်လာပါလိမ့်မယ်။ သမီးနှစ်ယောက် ရှိတဲ့ ဒေးဗစ်က အဲဒီထက်မက လုပ်တယ်။ “သမီးတွေ ဖတ်တဲ့ စာအုပ်ကို ကျွန်တော်လည်း ဖတ်တယ်။ သူတို့ စိတ်ဝင်စားတာကို ကိုယ်တိုင် စိတ်ဝင်တစား ဖတ်ပြီး အပြန်အလှန် ဆွေးနွေးကြတယ်။ စာဖတ်တဲ့ အဖွဲ့လေး ဖွဲ့ထားတယ်။ ပျော်စရာ သိပ်ကောင်းတယ်” လို့ သူ ပြောတယ်။