မာတိကာဆီ ကျော်သွား

မိသားစုအတွက် အကူအညီ | သားသမီး ပြုစုပျိုးထောင်ခြင်း

လူမျိုးရေး ခွဲခြားမှုအကြောင်း သားသမီးတွေကို ပြောပြခြင်း

လူမျိုးရေး ခွဲခြားမှုအကြောင်း သားသမီးတွေကို ပြောပြခြင်း

 အသားအရောင်၊ လူမျိုး မတူလို့ လူတွေ ခွဲခြားဆက်ဆံကြတာကို သားသမီးတွေ ခပ်ငယ်ငယ်မှာပဲ သတိထားမိနိုင်တယ်။ ကိုယ့်သားသမီးတွေမှာ ခွဲခြားဆက်ဆံစိတ် မရှိအောင် ဘယ်လို ကူညီပေးနိုင်သလဲ။ တကယ်လို့ ကိုယ့်သားသမီး ခွဲခြားဆက်ဆံခံနေရတယ်ဆိုရင် ဘာလုပ်နိုင်သလဲ။

ဒီဆောင်းပါးမှာ

 လူမျိုးရေးအကြောင်း သားသမီးတွေကို ပြောပြနိုင်ပုံ

 ရှင်းပြနိုင်ရာ။ ကမ္ဘာပေါ်မှာ လူတွေ အရပ်အမောင်း၊ အသားအရောင်၊ မျက်နှာပေါက်၊ ယဉ်ကျေးမှု ထုံးစံ မတူကြဘူး။ ကိုယ်နဲ့ မတူလို့ဆိုပြီး တချို့က တခြားသူတွေကို ဆိုးဆိုးရွားရွား ဆက်ဆံကြတယ်။

 ဒါပေမဲ့ လူအားလုံး မျိုးရိုးတစ်ခုတည်းကနေ ဆင်းသက်လာတယ်လို့ ကျမ်းစာမှာ သွန်သင်တယ်။ တစ်နည်းအားဖြင့်၊ လူအားလုံး တော်စပ်မှု ရှိကြတယ်။

“ဘုရားသခင်က လူတစ်ဦးတည်းကနေ လူအမျိုးမျိုးကို ဖန်ဆင်း [တယ်]။”—တမန်တော် ၁၇:၂၆

 “သားသမီးတွေ လူမျိုးရေး နောက်ခံအမျိုးမျိုးက လူတွေနဲ့ ပေါင်းတဲ့အခါ လူတိုင်း အချစ်ခံထိုက်တယ်၊ လေးစားခံထိုက်တယ်ဆိုတာ သူတို့ကိုယ်တိုင် သဘောပေါက်လာတာ ကျွန်မတို့ သတိထားမိတယ်။”—ကယ်ရင်။

  လူမျိုးရေး ခွဲခြားဆက်ဆံမှုအကြောင်း သားသမီးတွေကို ရှင်းပြနိုင်ပုံ

 လူမျိုးမတူသူတွေကို လူတွေ မတရားဆက်ဆံတယ်၊ ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ သတင်းတွေ သားသမီးတွေ ကြားလာရနိုင်တယ်။ သားသမီးတွေကို ဒီအကြောင်း ဘယ်လို ရှင်းပြမလဲ။ သားသမီးရဲ့ အသက်အရွယ်အပေါ် အများကြီး မူတည်ပါတယ်။

  •   ကျောင်းနေအရွယ် မရောက်သေးတဲ့ သားသမီးတွေ။ “တရားတယ်၊ မတရားဘူးဆိုတာ ကလေးငယ်တွေ သိပ်အကဲခတ်တတ်ကြတယ်။ ဒါက မတရားမှုအကြောင်း ရှင်းပြဖို့ အခွင့်အရေးပဲ” လို့ မိဘများ မဂ္ဂဇင်းမှာ ဒေါက်တာ အဲလစ်ဆန် ဘရစ္စကို စမစ် ပြောတယ်။

“ဘုရားသခင် မျက်နှာမလိုက် [ဘူး]။ . . ဘယ်လူမျိုးဖြစ်ဖြစ် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မှန်ရာ လုပ်မယ်ဆိုရင် ဘုရားရဲ့ နှစ်သက်လက်ခံမှုကို ရတာပဲ။”—တမန်တော် ၁၀:၃၄၊ ၃၅

  •   ဆယ်ကျော်သက်အရွယ် မရောက်သေးတဲ့ သားသမီးတွေ။ အသက် ၆ နှစ်ကနေ ၁၂ နှစ်ကြား သားသမီးတွေဟာ စပ်စုတတ်ကြတယ်။ တစ်ခါတလေ ပေါက်ပေါက်ရှာရှာ မေးတတ်ကြတယ်။ အတတ်နိုင်ဆုံး ဖြေပေးပါ။ ကျောင်းမှာ၊ မီဒီယာမှာ သူတို့ မြင်ရတာတွေကို အခြေခံပြီး လူမျိုးရေး ခွဲခြားဆက်ဆံတာ မှားတယ်ဆိုတာ အမိအရ ရှင်းပြပါ။

“တစ်စိတ်တစ်သဘောတည်း ဖြစ်ပါ။ ကိုယ်ချင်းစာပါ။ ညီရင်းအစ်ကိုမေတ္တာနဲ့ ချစ်ခင်ပါ။ ချစ်ခင်စာနာခြင်း၊ စိတ်နှိမ့်ချခြင်း ရှိကြပါ။”—၁ ပေတရု ၃:၈

  •   ဆယ်ကျော်သက်အရွယ် သားသမီးတွေ။ ဆယ်ကျော်သက်ဆိုတာ ရှုပ်ထွေးတဲ့ ကိစ္စတွေကို နားလည်နိုင်တဲ့အရွယ် ဖြစ်တယ်။ ဒါကြောင့် ကိုယ့်သားသမီးဟာ ဆယ်ကျော်သက်ဆိုရင် လူမျိုးရေး ခွဲခြားဆက်ဆံမှုအကြောင်း သတင်းတွေကို ဆွေးနွေးဖို့ အချိန်အခါကောင်းပဲ။

‘ရင့်ကျက်သူတွေဟာ ပိုင်းခြားသိမြင်နိုင်စွမ်းကို အမြဲ အသုံးပြုပြီး အမှားအမှန် ခွဲခြားသိနိုင်အောင် လေ့ကျင့်ထားတယ်။’ဟီဘရူး ၅:၁၄

 “လူမျိုးရေး ခွဲခြားမှုအကြောင်း သားသမီးတွေကို ပြောပြထားတယ်။ ဘယ်နေရာမှာပဲနေနေ တစ်ချိန်မဟုတ်တစ်ချိန် သူတို့ ကြုံလာရမှာမို့လို့ပါ။ ကြားဖူးနားဝ ရှိမထားရင် တခြားသူတွေ တွေးသလို စတွေးလာနိုင်တယ်။ အမှားကို အမှန် ဖြစ်အောင် သွတ်သွင်းခံသွားရနိုင်တယ်။”—တန်ညာ။

 စံနမူနာ ပြနိုင်ပုံ

 သားသမီးတွေဟာ အတုမြင် အတတ်သင်ကြတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်အပြောအဆို၊ လုပ်ရပ်တွေကို သတိထားဖို့ အရေးကြီးတယ်။ ဥပမာ–

  •   လူမျိုးမတူသူတွေကို သင် ဟာသလုပ်သလား။ နှိမ်သလား။ “သင့်ကို သားသမီးတွေ ကြည့်နေ၊ နားထောင်နေကြတယ်။ အတုခိုးကြတယ်” လို့ ကလေးလူငယ် စိတ်ကျန်းမာရေးဆိုင်ရာ အမေရိကန် အသင်းက ဆိုတယ်။

  •   ဒေသမတူသူတွေနဲ့ ပေါင်းသင်းရတာ သင် ပျော်သလား။ “နောက်ခံအသီးသီးက လူတွေနဲ့ ကိုယ့်သားသမီးကို ပေါင်းတတ်စေချင်ရင် ကိုယ်တိုင် ပေါင်းပြပါ” လို့ ကလေးဆရာဝန် အလန်နာ အန်ဇိုမာ ပြောတယ်။

“လူအမျိုးမျိုးကို လေးစားကြပါ။”—၁ ပေတရု ၂:၁၇

 “နှစ်တွေတစ်လျှောက် ကမ္ဘာ့ဒေသအသီးသီးက ဧည့်သည်တွေကို ကျွန်မတို့ ဧည့်ခံကြတယ်။ သူတို့ရဲ့ အစားအသောက်၊ တေးဂီတတွေအကြောင်း လေ့လာကြတယ်။ ရိုးရာဝတ်စုံတွေတောင် ဝတ်ကြည့်ကြတယ်။ သားသမီးတွေကို လူတွေအကြောင်း ပြောပြရင် ဘာလူမျိုးလဲဆိုတာ အာရုံမစိုက်ခိုင်းဘူး။ ကိုယ့်ယဉ်ကျေးမှုအကြောင်း ကြွားမပြောဘူး။”—ကတ်တရီးနား။

 ကိုယ့်သားသမီး ခွဲခြားဆက်ဆံခံနေရရင်

 သာတူညီမျှရေးအကြောင်း လူတွေ ပြောတတ်ကြပေမဲ့ ကမ္ဘာပေါ်မှာ လူမျိုးရေး ခွဲခြားဆက်ဆံမှုတွေ အများကြီး ရှိနေတယ်။ ဒါကြောင့် အထူးသဖြင့်၊ ကိုယ့်သားသမီးဟာ လူမျိုးစုလေးထဲကဆိုရင် မကြင်မနာ ဆက်ဆံခံရနိုင်တယ်။ ဒါဆိုရင် . . .

 အကြောင်းစုံ သိအောင် လုပ်ပါ။ တစ်ဖက်လူက ရည်ရွယ်ချက် ရှိရှိ မကြင်မနာ ဆက်ဆံတာလား။ လက်လွတ်စပယ် ပြောမိ၊ လုပ်မိသွားတာလား။ (ယာကုပ် ၃:၂) တေ့တေ့ဆိုင်ဆိုင် ရှင်းဖို့ လိုသလား။ ဒါမှမဟုတ် လျစ်လျူရှုလိုက်လို့ ရမလား။

 အကျိုးသင့်အကြောင်းသင့် ရှိဖို့ သိပ်လိုတယ်။ “ထစ်ခနဲဆို မကျေမချမ်း မဖြစ်နဲ့” လို့ ကျမ်းစာမှာ အကြံပေးထားတယ်။ (ဒေသနာ ၇:၉) လူမျိုးရေး ခွဲခြားမှုဟာ ပေါ့ပေါ့တန်တန် ထားရမယ့်ကိစ္စ မဟုတ်ဘူး။ ဒါပေမဲ့ တစ်ယောက်ယောက် ကိုယ့်ကို စော်ကားမော်ကား ပြောတယ်၊ မတရား ဆက်ဆံတယ်လို့ ခံစားရတိုင်းလည်း လူမျိုးရေး ခွဲခြားတာ ဟုတ်ချင်မှ ဟုတ်မယ်။

 အခြေအနေ တစ်ခုနဲ့တစ်ခု မတူတဲ့အတွက် တစ်ခုခုလုပ်ဖို့ မဆုံးဖြတ်ခင် အကြောင်းစုံ သိအောင် လုပ်ပါ။

“အကြောင်းစုံကို နားမထောင်သေးဘဲနဲ့ ပြန်ပြောတဲ့သူဟာ မိုက်မဲရုံမက အရှက်ခွဲခြင်းကိုပါ ခံရတတ်တယ်။”—ပညာအလိမ္မာ ၁၈:၁၃

 အကြောင်းစုံ သိပြီးပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ–

  •   ‘လူတွေကို ငါ့သားသမီး မကောင်းမြင်သွားရင်၊ မတရား ဆက်ဆံခံရပုံပေါက်တိုင်း လူမျိုးရေးကြောင့်လို့ ထင်သွားရင် သူ့အတွက် ကောင်းပါ့မလား။’

  •   ‘“လူတွေ ပြောသမျှ စကားတိုင်းကို စိတ်ထဲ မထားပါနဲ့” ဆိုတဲ့ ကျမ်းစာ အကြံဉာဏ်ကနေ ငါ့သားသမီး အကျိုးရနိုင်မလား။—ဒေသနာ ၇:၂၁

“ခင်ဗျားတို့ရဲ့ အကျိုးသင့်အကြောင်းသင့်သဘောကို လူတိုင်း သိမြင်စေပါ။”—ဖိလိပ္ပိ ၄:၅

 ရည်ရွယ်ချက် ရှိရှိ မတရား ဆက်ဆံတာဆိုရင် ဘာလုပ်မလဲ။ ကိုယ့်တုံပြန်ပုံပေါ် မူတည်ပြီး အခြေအနေ ပိုကောင်းသွားနိုင်သလို ပိုဆိုးသွားနိုင်တယ်ဆိုတာ သဘောပေါက်ဖို့ သားသမီးကို ကူညီပေးပါ။ တစ်ခုခု တုံ့ပြန်စေချင်လို့ လှောင်တာ၊ အနိုင်ကျင့်တာ၊ စော်ကားတာမျိုး ဖြစ်တတ်တယ်။ အဲဒီလိုဆိုရင် ဘာမှ မတုံ့ပြန်တာ အကောင်းဆုံး တုံ့ပြန်နည်းပဲ။

‘ထင်းမရှိရင် မီးငြိမ်းသွားတတ်တယ်။’—ပညာအလိမ္မာ ၂၆:၂၀

 ဒါပေမဲ့ ရှင်းမှဖြစ်မယ့်ကိစ္စဆိုရင် အနိုင်ကျင့်သူဆီ ကိုယ့်သားသမီး စကားသွားပြောနိုင်ပါတယ်။ ‘ဒီလို ပြောတာ (လုပ်တာ) ကြင်နာမှု ရှိတယ်လို့ မထင်ဘူး’ ဆိုပြီး (အေးအေးဆေးဆေး) ပြောနိုင်တယ်။

 တိုင်ချင်တယ်ဆိုရင်ကော။ ကိုယ့်သားသမီးရဲ့ လုံခြုံရေးကို ထိခိုက်လာပြီ ဒါမှမဟုတ် တခြားအကြောင်းရင်းတချို့ကြောင့် ဒီအတိုင်း ထားလို့ မဖြစ်ဘူးလို့ ခံစားရရင် ဆရာ/မတွေကို ပြောပြပါ။ လိုအပ်ရင် ရဲတိုင်ပါ။