ဒေါသနဲ့ပတ်သက်ပြီး ကျမ်းစာ ဘာဆိုထားသလဲ
ကျမ်းစာအဖြေ
ဒေါသထွက်ခြင်းက ကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်ရှိ လူတွေကို ထိခိုက်စေတယ်လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ပညာအလိမ္မာ ၂၉:၂၂) တစ်ခါတလေ ဒေါသ ထွက်သင့်တာမှန်ပေမဲ့ “ဒေါသပေါက်ကွဲ” နေတတ်သူတွေ ကယ်တင်ခြင်း မရဘူးလို့ ကျမ်းစာမှာ ဆိုထားတယ်။ (ဂလာတိ ၅:၁၉-၂၁) ကျမ်းစာမှာ ဒေါသကို ဖြေရှင်းနိုင်တဲ့အခြေခံမူတွေ ပါတယ်။
ဒေါသထွက်တာ အမြဲ မှားသလား
မမှားပါဘူး။ ဒေါသထွက်သင့်တဲ့ အခြေအနေတချို့ ရှိပါတယ်။ ဥပမာ၊ သစ္စာရှိသူ နေဟမိဟာ ကိုးကွယ်သူချင်းတွေ ဖိနှိပ်ခံရကြောင်း သိလိုက်ရတဲ့အခါ “သိပ်စိတ်ဆိုး” ခဲ့တယ်။—နေဟမိ ၅:၆။
တစ်ခါတလေ ဘုရားသခင် အမျက်ထွက်တယ်။ ဥပမာ၊ ဘုရားသခင်ကိုပဲ ကိုးကွယ်ပါမယ်ဆိုတဲ့ သဘောတူညီချက်ကို ရှေးလူတွေ ချိုးဖောက်ပြီး တခြားဘုရားတွေကို ဝတ်ပြုကြတဲ့အခါ ‘ယေဟောဝါက သူတို့ကို အမျက်ထွက်’ ခဲ့တယ်။ (တရားသူကြီး ၂:၁၃၊ ၁၄) ဒါပေမဲ့ အမျက်ဒေါသဟာ ယေဟောဝါဘုရားရဲ့ ထင်ရှားတဲ့ဂုဏ်ရည်တော်တော့ မဟုတ်ဘူး။ ဘုရားသခင်မှာ အမျက်ထွက်ရတဲ့အကြောင်းရင်း ရှိသလို အမျက်ဒေါသကို အမြဲထိန်းချုပ်ထားတယ်။—ထွက်မြောက်ရာ ၃၄:၆။ ဟေရှာယ ၄၈:၉။
ဒေါသထွက်တာ ဘယ်အချိန်မှာ မှားသလဲ
ဒေါသ မထွက်သင့်ဘဲ ထွက်ရင်၊ ဒေါသ မထိန်းနိုင်ရင် မှားပါတယ်။ မစုံလင်တဲ့လူသားတွေ အဲသလို ဖြစ်တတ်ကြတယ်။ ဥပမာ-
ကာအိနရဲ့ အလှူကို ဘုရားသခင် လက်မခံတဲ့အခါ “ကာအိန အရမ်းဒေါသထွက်” ခဲ့တယ်။ ညီအရင်းကို သတ်တဲ့အထိ ဒေါသထွက်ခဲ့တယ်။—ကမ္ဘာဦး ၄:၃-၈။
နိနဝေမြို့သားတွေကို ဘုရားသခင် ကရုဏာပြတဲ့အခါ ပရောဖက် ယောန “ဒေါသထွက်” ခဲ့တယ်။ စိတ်မဆိုးသင့်ကြောင်း၊ နောင်တရတဲ့ အပြစ်သားတွေကို စာနာသင့်ကြောင်း ဘုရားသခင် ထောက်ပြပြီး ယောနကို တည့်မတ်ပေးခဲ့တယ်။—ယောန ၃:၁၀–၄:၁၊ ၄၊ ၁၁။ a
ဒီဥပမာတွေက မစုံလင်တဲ့လူသားတွေအတွက် “လူတစ်ယောက်ရဲ့ ဒေါသက ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို မဖြစ်ပေါ်စေ” ကြောင်း ဖော်ပြတယ်။—ယာကုပ် ၁:၂၀။
ဒေါသကို ဘယ်လို ဖြေရှင်းနိုင်သလဲ
ဒေါသမထိန်းနိုင်တဲ့အန္တရာယ်ကို သိမှတ်ပါ။ ဒေါသပေါက်ကွဲခြင်းက ခွန်အားရှိခြင်းရဲ့ သင်္ကေတလို့ တချို့ ယူဆကောင်းယူဆမယ်။ တကယ်တော့ ဒေါသမထိန်းနိုင်တဲ့သူမှာ အားနည်းချက်ကြီး ရှိနေတယ်။ “စိတ်မချုပ်တည်းနိုင်သူဟာ မြို့ရိုးပြိုပျက်ပြီး အကာအရံမဲ့နေတဲ့ မြို့နဲ့ တူတယ်။” (ပညာအလိမ္မာ ၂၅:၂၈။ ၂၉:၁၁) ဒါပေမဲ့ ဒေါသကို ထိန်းချုပ်နိုင်စွမ်း မွေးမြူရင် စစ်မှန်တဲ့ခွန်အားနဲ့ ပိုင်းခြားဉာဏ် ရှိလာတယ်။ (ပညာအလိမ္မာ ၁၄:၂၉) “လွယ်လွယ်နဲ့ ဒေါသမထွက်တဲ့သူဟာ ခွန်အားကြီးသူထက် သာလွန်တယ်” လို့ ကျမ်းစာမှာ ဆိုထားတယ်။—ပညာအလိမ္မာ ၁၆:၃၂။
နောက်မှ နောင်တမရအောင် ဒေါသကို ကိုင်တွယ်ဖြေရှင်းပါ။ “အမျက်မထွက်နဲ့။ ဒေါသူပုန်မထနဲ့။ စိတ်မပျက်ပါနဲ့။ မကောင်းမှုတွေ မလုပ်နဲ့” လို့ ဆာလံ ၃၇:၈ မှာ ဆိုထားတယ်။ ဒေါသထွက်ချင်လာတဲ့အခါ ရွေးချယ်စရာ ရှိကြောင်း သတိပြုပါ။ “မကောင်းမှုတွေ မလုပ်” အောင် ဒေါသ ဖြေဖျောက်ဖို့ ရွေးချယ်နိုင်တယ်။ “ဒေါသထွက်ရင်တောင် အပြစ်မလုပ်မိစေနဲ့” ဆိုပြီး ဧဖက် ၄:၂၆ မှာ ဆိုထားတယ်။
ဖြစ်နိုင်ရင် ဒေါသ စထွက်လာပြီဆိုတာနဲ့ ရှောင်ထွက်သွားပါ။ “ရန်ပွဲကို အစပျိုးလိုက်တာဟာ ရေတံခါးကို ဖွင့်လိုက်တာနဲ့ တူတယ်။ ဒါကြောင့် အငြင်းအခုံ မဖြစ်ခင် ရှောင်ထွက်သွားပါ” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ပညာအလိမ္မာ ၁၇:၁၄) သဘောထားကွဲလွဲမှုတွေကို ချက်ချင်း ဖြေရှင်းလိုက်တာ ကောင်းပေမဲ့ နှစ်ဦးနှစ်ဖက် အေးအေးဆေးဆေး ဖြစ်သွားမှ ဆွေးနွေးရင် ကောင်းတယ်။
အချက်အလက်တွေ ရယူပါ။ “ထိုးထွင်းဉာဏ်ရှိသူဟာ ဒေါသချုပ်တည်းတယ်” လို့ ပညာအလိမ္မာ ၁၉:၁၁ မှာ ဆိုထားတယ်။ ကောက်ချက် မချခင် အချက်အလက်အားလုံး စုဆောင်းထားသင့်တယ်။ အဘက်ဘက်ကနေ ဂရုတစိုက် နားထောင်ရင် ဒေါသ ထွက်စရာအကြောင်းရင်း နည်းသွားနိုင်တယ်။—ယာကုပ် ၁:၁၉။
စိတ်ငြိမ်သက်မှုရအောင် ဆုတောင်းပါ။ ဆုတောင်းတဲ့အခါ “လူ့ဉာဏ်နဲ့ မမီနိုင်တဲ့ ဘုရားသခင့် ငြိမ်သက်ခြင်း” ကို ခံစားနိုင်တယ်။ (ဖိလိပ္ပိ ၄:၇) ဆုတောင်းခြင်းဟာ ဘုရားသခင့် သန့်ရှင်းသောစွမ်းအားတော် ရရှိနိုင်တဲ့ အဓိကနည်းတစ်နည်း ဖြစ်တယ်။ ဘုရားစွမ်းအားတော်က ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ချုပ်တည်းခြင်းတဲ့ အရည်အသွေးတွေ ထွက်ပေါ်စေနိုင်တယ်။—လုကာ ၁၁:၁၃။ ဂလာတိ ၅:၂၂၊ ၂၃။
အပေါင်းအသင်းတွေကို ဂရုတစိုက် ရွေးချယ်ပါ။ ကိုယ့်အပေါင်းအသင်းတွေနဲ့ တူချင်ကြတယ်။ (ပညာအလိမ္မာ ၁၃:၂၀။ ၁ ကောရိန္သု ၁၅:၃၃) ကျမ်းစာမှာ “ဒေါသကြီးသူကို မပေါင်းနဲ့။ ဒေါသထွက်လွယ်သူကို မပတ်သက်နဲ့” လို့ သတိပေးထားတယ်။ ဘာကြောင့်လဲ။ “ပတ်သက်ရင် သူတို့ရဲ့လမ်းစဉ်တွေကို လိုက်မိပြီး ကျော့ကွင်းမိသွားလိမ့်မယ်။”—ပညာအလိမ္မာ ၂၂:၂၄၊ ၂၅။
a ဘုရားသခင်က ယောနနာမည်နဲ့ ကျမ်းစောင် ရေးသားခွင့်ပြုခြင်းက ပဲ့ပြင်တည့်မတ်မှုကို ယောန လက်ခံပြီး ဒေါသပြေသွားကြောင်း ထင်ရှားတယ်။