မာရိဟာ ဘုရားရဲ့ မယ်တော်လား
ကျမ်းစာအဖြေ
မဟုတ်ပါဘူး။ မာရိဟာ ဘုရားရဲ့ မယ်တော်လို့ ကျမ်းစာ မသွန်သင်သလို မာရိကို ခရစ်ယာန်တွေ ကိုးကွယ်ကြည်ညိုသင့်တယ်လို့လည်း မသွန်သင်ဘူး။ a သုံးသပ်ကြည့်ပါ–
မိမိဟာ ဘုရားရဲ့ မယ်တော် ဖြစ်တယ်လို့ မာရိ တစ်ခါမှ မပြောခဲ့ဘူး။ ကျမ်းစာကလည်း မာရိကို “ဘုရားကို မွေးဖွားသူ” လို့ မဖော်ပြဘဲ “ဘုရားသခင်ရဲ့သား” ကိုမွေးဖွားသူလို့ ဖော်ပြတယ်။—မာကု ၁:၁။ လုကာ ၁:၃၂။
ယေရှုခရစ်က မာရိဟာ ဘုရားမယ်တော် ဖြစ်တယ်၊ မာရိကို အထူး ဝတ်ပြုဆည်းကပ်ထိုက်တယ်လို့ တစ်ခါမှ မပြောခဲ့ဘူး။ အမျိုးသမီးတစ်ဦးက မာရိဟာ ယေရှုရဲ့ မိခင် ဖြစ်ရတဲ့အတွက် ပျော်ရွှင်ချမ်းမြေ့မှာပဲလို့ အမွှမ်းတင်တဲ့အခါ ယေရှုက “ဘုရားသခင်ရဲ့ တရားစကားကို ကြားနာပြီး လိုက်လျှောက်တဲ့သူဟာ ပိုပြီးပျော်ရွှင်ချမ်းမြေ့တယ်” လို့ပြောပြီး တည့်မတ်ပေးခဲ့တယ်။—လုကာ ၁၁:၂၇၊ ၂၈။
“ဘုရားရဲ့ မယ်တော်၊” “သီအိုတိုကော့စ်” (ဘုရားကို မွေးဖွားသူ) ဆိုတဲ့ အသုံးအနှုန်းတွေကို ကျမ်းစာမှာ မတွေ့ရဘူး။
ကျမ်းစာမှာပါတဲ့ “ကောင်းကင် မိဖုရား” ဆိုတဲ့ စကားလုံးက မာရိကို မဟုတ်ဘဲ အယူဖောက်ပြန်တဲ့ အစ္စရေးတွေ ကိုးကွယ်တဲ့ ဘုရားမကို ရည်ညွှန်းတယ်။ (ယေရမိ ၄၄:၁၅-၁၉) “ကောင်းကင် မိဖုရား” ဟာ ဗာဗုလုန်ဘုရားမ အီရှတာ (အက်စတာ) ကို ရည်ညွှန်းတာ ဖြစ်နိုင်တယ်။
အစောပိုင်း ခရစ်ယာန်တွေဟာ မာရိကို ကိုးကွယ်တာမျိုး၊ အထူးဂုဏ်တင် ချီးမြှောက်တာမျိုး မလုပ်ခဲ့ဘူး။ သမိုင်းဆရာတစ်ယောက်အဆိုအရ အစောပိုင်း ခရစ်ယာန်တွေဟာ “မာရိကိုးကွယ်ခြင်းကို ငြင်းပယ်ခဲ့ကြတယ်။ မာရိကို အထူးအလေးပေးရာကနေ ဘုရားမအဖြစ် ကိုးကွယ်တာမျိုး ဖြစ်လာမှာစိုးလို့ ဖြစ်နိုင်တယ်။”—In Quest of the Jewish Mary.
ဘုရားသခင်ကို ထာဝစဉ် တည်တဲ့အရှင်အဖြစ် ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဆာလံ ၉၀:၁၊ ၂။ ဟေရှာယ ၄၀:၂၈) ဘုရားမှာ အစမရှိတဲ့အတွက် မယ်တော် မရှိဘူး။ ကောင်းကင်ကြီးတောင် ဘုရားစံမြန်းနိုင်လောက်အောင် မကျယ်ဝန်းဘူးလို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတဲ့အတွက် မာရိဟာ ဘုရားကို ဝမ်းနဲ့လွယ်ပြီး မွေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။—၁ ဘုရင်များ ၈:၂၇။
မာရိဟာ “ဘုရားရဲ့ မယ်တော်” မဟုတ်ဘဲ ယေရှုရဲ့ မိခင် ဖြစ်
မာရိဟာ ဘုရင်ဒါဝိဒ်မျိုးရိုးက ဆင်းသက်လာတဲ့ ဂျူးအမျိုးသမီး ဖြစ်တယ်။ (လုကာ ၃:၂၃-၃၁) မာရိဟာ ယုံကြည်ခြင်းရှိသူ၊ ဘုရားတရားကိုင်ရှိုင်းသူ ဖြစ်လို့ ဘုရားရဲ့ မျက်နှာသာရသူ ဖြစ်တယ်။ (လုကာ ၁:၂၈) ယေရှုရဲ့ မိခင် ဖြစ်ဖို့ မာရိကို ဘုရားသခင် ရွေးချယ်ခဲ့တယ်။ (လုကာ ၁:၃၁၊ ၃၅) မာရိမှာ ခင်ပွန်းယောသပ်နဲ့ရတဲ့ တခြားသားသမီးတွေလည်း ရှိတယ်။—မာကု ၆:၃။
မာရိဟာ ယေရှုရဲ့ နောက်လိုက်တစ်ယောက် ဖြစ်လာတယ်လို့ ကျမ်းစာမှာ ဖော်ပြထားပေမဲ့ နောက်ပိုင်း သူ့အကြောင်း ထပ်မဖော်ပြဘူး။—တမန်တော် ၁:၁၄။
a ဘာသာတချို့က မာရိဟာ ဘုရားရဲ့ မယ်တော် ဖြစ်တယ်လို့ သင်ပေးကြတယ်။ မာရိကို “ကောင်းကင်မိဖုရား၊” “ကောင်းကင်ဘုံ ဘုရင်မ၊” ဒါမှမဟုတ် “ဘုရားကို မွေးဖွားသူ” လို့ အဓိပ္ပာယ်ရှိတဲ့ ဂရိစကားလုံး သီအိုတိုကော့စ် လို့ ခေါ်ဆိုကြတယ်။