မာတိကာဆီ ကျော်သွား

မာရ်နတ် တကယ် ရှိသလား

မာရ်နတ် တကယ် ရှိသလား

သမ္မာကျမ်းစာ ဖြေဆိုရာ

 မာရ်နတ် တကယ်ရှိပါတယ်။ သူဟာ ဆိုးညစ်လာပြီး ဘုရားသခင်ကို ပုန်ကန်ခဲ့တဲ့ နာမ်ဝိညာဉ်တစ်ပါးဖြစ်တဲ့အပြင် “ဤလောကကို အစိုးရသောမင်း” လည်း ဖြစ်ပါတယ်။ (ယောဟန် ၁၄:၃၀; ဧဖက် ၆:၁၁၊ ၁၂) ကျမ်းစာထဲမှာ အောက်ပါနာမည်တွေ၊ သရုပ်ဖော်ချက်တွေအားဖြင့် မာရ်နတ်ရဲ့ စရိုက်တွေကို ဖော်ပြထားတယ်–

မကောင်းတဲ့စိတ်မဟုတ်

 လူတချို့က စာတန်မာရ်နတ် တကယ်ရှိတာမဟုတ်ဘဲ ကိုယ်တွင်းမှာရှိတဲ့ မကောင်းတဲ့စိတ်လို့ပဲ ထင်ကြတယ်။ ဒါပေမဲ့ ဘုရားသခင်နဲ့ စာတန် အပြန်အလှန် စကားပြောတဲ့အကြောင်း ကျမ်းစာထဲမှာ မှတ်တမ်းတင်ထားတယ်။ ဘုရားသခင်က မကောင်းတဲ့စိတ်အပါအဝင် အပြစ်နဲ့ လုံးဝကင်းစင်တဲ့အရှင် ဖြစ်တယ်။ (တရားဟောရာ ၃၂:၄; ယောဘ ၂:၁–၆) စာတန်က အပြစ်မရှိတဲ့ ယေရှုကိုလည်း သွေးဆောင်ခဲ့တယ်။ (မဿဲ ၄:၈–၁၀; ၁ ယောဟန် ၃:၅) ဘုရားသခင်နဲ့ ယေရှုဟာ ကိုယ်တွင်းမှာရှိတဲ့ မကောင်းတဲ့စိတ်နဲ့ စကားပြောတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် စာတန်ဟာ တကယ်ရှိတယ်။ မကောင်းတဲ့စိတ်ကို ပြောတာမဟုတ်ဘူး။

 လူအတော်များများက မာရ်နတ် တကယ်ရှိတာကို မယုံတဲ့အတွက် အံ့သြသင့်သလား။ မအံ့သြသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ စာတန်က သူ့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ လှည့်ဖြားမှုအမျိုးမျိုးကို သုံးတယ်လို့ ကျမ်းစာထဲမှာ ဖော်ပြထားတယ်။ (၂ သက်သာလောနိတ် ၂:၉၊ ၁၀) သူ့ရဲ့အောင်မြင်ဆုံး ပရိယာယ်တစ်ခုက သူရှိတယ်ဆိုတာကို လူတွေမသိအောင် ဖုံးကွယ်ထားခြင်းဖြစ်တယ်။—၂ ကောရိန္သု ၄:၄

မာရ်နတ်နဲ့ပတ်သက်ပြီး နောက်ထပ်တလွဲယူဆချက်များ

  ယူဆချက်အမှား– မာရ်နတ်ရဲ့ နာမည် နောက်တစ်မျိုးက လူစီဖာလို့ ခေါ်တယ်။

 အဖြေမှန်– ကျမ်းစာတချို့မှာ “လူစီဖာ” လို့ပြန်ဆိုတဲ့ ဟေဗြဲစကားလုံးဟာ “ထွန်းလင်းတောက်ပသူ” လို့ အဓိပ္ပာယ်ရတယ်။ (ဟေရှာယ ၁၄:၁၂) ကျမ်းချက်ရဲ့ ရှေ့နောက်စကားအရ ဒီစကားလုံးက ဗာဗုလုန်မင်းဆက်ကို ရည်ညွှန်းတယ်။ သူတို့ရဲ့ မာနကြီးမှုကြောင့် ဘုရားသခင် ဖျက်ဆီးခဲ့တယ်။ (ဟေရှာယ ၁၄:၄၊ ၁၃–၂၀) ဗာဗုလုန်မင်းဆက် ကျဆုံးပြီးတဲ့နောက် သူတို့ကို လှောင်ပြောင်တဲ့အနေနဲ့လည်း “ထွန်းလင်းတောက်ပသူ” ဆိုတဲ့ စကားလုံးကို အသုံးပြုခဲ့ကြတယ်။

  ယူဆချက်အမှား– ဘုရားသခင်က စာတန်ကို အသုံးပြုပြီး လူတွေကို ကောင်းမကောင်း စမ်းသပ်တယ်၊ အဲဒီအပေါ်မူတည်ပြီး လူတွေကို တရားစီရင်တယ်။

 အဖြေမှန်– စာတန်မာရ်နတ်က ဘုရားသခင်ရဲ့အမှုတော်ဆောင် မဟုတ်ဘဲ ကိုယ်တော်ရဲ့ ရန်သူဖြစ်တယ်။ စာတန်မာရ်နတ်က ဘုရားသခင့်အမှုဆောင်တဲ့သူတွေကိုတောင် ဆန့်ကျင်ပြီး မတရားစွပ်စွဲနေသူဖြစ်တယ်။​—၁ ပေတရု ၅:၈; ဗျာဒိတ် ၁၂:၁၀