လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်နဲ့ပတ်သက်ပြီး သမ္မာကျမ်းစာက ဘာပြောသလဲ။ ဘုရားသခင် ထိန်းချုပ်ထားသလား။
သမ္မာကျမ်းစာဖြေဆိုရာ
ဘုရားသခင် ဒါမှမဟုတ် ကံကြမ္မာက ကျွန်ုပ်တို့ဘာတွေလုပ်ရမယ်ဆိုတာကို ကြိုတင်ပိုင်းဖြတ်ထားတာမျိုး မရှိပါဘူး။ အဲဒီအစား ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချနိုင်ခွင့်ဆိုတဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို ပေးထားခြင်းအားဖြင့် ကိုယ်တော် ကျွန်ုပ်တို့ကို ဂုဏ်တင်ပါတယ်။ သမ္မာကျမ်းစာမှာ ဘယ်လိုဖော်ပြထားသလဲဆိုတာကို သုံးသပ်ကြည့်ကြရအောင်။
ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို ကိုယ်တော်ရဲ့ ဂုဏ်ရည်တော်နဲ့အညီ ဖန်ဆင်းထားပါတယ်။ (ကမ္ဘာဦး ၁:၂၆) ဒါကြောင့် ကျွန်ုပ်တို့ဟာ ပင်ကိုအသိစိတ်နဲ့ လုပ်ဆောင်တဲ့ တိရစ္ဆာန်နဲ့မတူဘဲ ဖန်ဆင်းရှင်လို မေတ္တာနဲ့ တရားမျှတမှု တင်ပြနိုင်ကြတယ်။ အဲဒီအပြင် ဖန်ဆင်းရှင်လိုပဲ ကျွန်ုပ်တို့ဟာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိကြတယ်။
ကျွန်ုပ်တို့ဟာ အတိုင်းအတာတစ်ခုထိတော့ ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ဆုံးဖြတ်နိုင်တယ်။ ဘုရားပညတ်ကို နားထောင်ပြီး ‘အသက်ရှင်ခြင်းကို ရွေးယူ’ ဖို့ သမ္မာကျမ်းစာမှာ အားပေးထားတယ်။ (တရားဟောရာ ၃၀:၁၉၊ ၂၀) လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် မရှိဘူးဆိုရင် အဲဒီလိုပြောတာက အဓိပ္ပာယ်မရှိတဲ့အပြင် ရက်စက်ရာတောင် ကျတယ်။ ဘုရားသခင်က မိမိပြောတာကို အတင်းအကျပ်လုပ်စေမယ့်အစား ဒီလိုလှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ထားတယ်– ‘သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါစေသော။ သို့ပြုလျှင် သင်၏ချမ်းသာသည် မြစ်ကဲ့သို့ဖြစ်လိမ့်မည်။’—ဟေရှာယ ၄၈:၁၈။
ကျွန်ုပ်တို့ရဲ့ အောင်မြင်မှု၊ ဆုံးရှုံးမှုကို ကံကြမ္မာက ကြိုတင်မပိုင်းဖြတ်ထားပါဘူး။ အလုပ်တစ်ခု အောင်မြင်ချင်တယ်ဆိုရင် ကြိုးကြိုးစားစားလုပ်ရမယ်။ “ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအားထုတ်၍ ဆောင်ရွက်လော့” လို့ကျမ်းစာမှာ ပြောထားတယ်။ (ဒေသနာ ၉:၁၀) နောက်ပြီး ‘လုံ့လဝီရိယပြုသောသူ၏ အကြံအစည်သည် ကြွယ်ဝပေ၏’ လို့လည်း ပြောထားတယ်။—သုတ္တံ ၂၁:၅။
လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်က ဘုရားသခင်ဆီကရတဲ့ အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ဖြစ်တယ်။ အဲဒီလိုရွေးချယ်ပိုင်ခွင့်ရှိလို့ပဲ ဘုရားသခင်ကို “စိတ်နှလုံးအကြွင်းမဲ့” ချစ်မြတ်နိုးနိုင်ကြတယ်။—မဿဲ ၂၂:၃၇။
ဘုရားသခင်က အရာရာကို မထိန်းချုပ်ထားဘူးလား
သမ္မာကျမ်းစာမှာ ဘုရားသခင်ကို အနန္တတန်ခိုးရှင်လို့ ပြောထားပါတယ်။ ဒါကြောင့် ကိုယ်တော်ကလွဲလို့ ဘယ်သူကမှ ကိုယ်တော့်တန်ခိုးကို မထိန်းချုပ်နိုင်ပါဘူး။ (ယောဘ ၃၇:၂၃; ဟေရှာယ ၄၀:၂၆) ဒါပေမဲ့ ကိုယ်တော်က အရာရာကို လိုက်ပြီး ထိန်းချုပ်ဖို့ ကိုယ်တော့်တန်ခိုးကို အသုံးမပြုပါဘူး။ ဥပမာ၊ ကိုယ်တော့်လူမျိုးရဲ့ရန်သူ ရှေးဗာဗုလုန်နဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် “ချုပ်တည်း” ခဲ့တယ် လို့ကျမ်းစာမှာ ပြောထားတယ်။ (ဟေရှာယ ၄၂:၁၄၊ သမ္မာ) ဒီနေ့အချိန်မှာလည်း လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်တဲ့သူတွေကို ဘုရားသခင် သည်းခံနေတယ်။ ဒါပေမဲ့ အမြဲသည်းခံမှာတော့ မဟုတ်ပါဘူး။—ဆာလံ ၃၇:၁၀၊ ၁၁။