မာတိကာဆီ ကျော်သွား

အပြစ်ရှိတယ်လို့ ခံစားရခြင်းကို သက်သာအောင် ကျမ်းစာ ကူညီပေးနိုင်သလား

အပြစ်ရှိတယ်လို့ ခံစားရခြင်းကို သက်သာအောင် ကျမ်းစာ ကူညီပေးနိုင်သလား

ကျမ်းစာအဖြေ

 ကူညီနိုင်ပါတယ်။ အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်ကို ဖြေဖျောက်နိုင်အောင် ကျမ်းစာ ကူညီပေးနိုင်တယ်။ (ဆာလံ ၃၂:၁-၅) လုပ်မိတဲ့ အမှားအတွက် တကယ် ဝမ်းနည်းမယ်ဆိုရင် ဘုရားသခင် ခွင့်လွှတ်ပေးမယ်။ ပြန်နာလန်ထူနိုင်အောင် ကူညီပေးပါလိမ့်မယ်။ (ဆာလံ ၈၆:၅) အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်ဟာ တစ်ခါတလေမှာ ကောင်းကျိုး ရှိစေတယ်လို့ ကျမ်းစာ ဆိုတယ်။ မှားယွင်းတဲ့ လမ်းစဉ်ကို ပြုပြင်စေတယ်။ အဲဒီအမှားမျိုး ထပ်မလုပ်မိအောင် အားထုတ်စေတယ်။ (ဆာလံ ၅၁:၁၇။ ပညာအလိမ္မာ ၁၄:၉) ဒါပေမဲ့ အပြစ်ရှိတယ်လို့ အလွန်အကျွံ ခံစားနေရတာ၊ ဘုရားရှေ့မှာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိသူ၊ အဖတ်ဆယ်မရသူလို့ ယူဆတာမျိုးလည်း မဖြစ်သင့်ဘူးလို့ ကျမ်းစာ အကြံပြုတယ်။ အဲဒီလို ကိုယ့်ကိုယ်ကိုယ် ပစ်ပစ်ခါခါ ရှုမြင်တာဟာ “မခံမရပ်နိုင်လောက်အောင် ဝမ်းနည်း” စေတာပဲ အဖတ်တင်တယ်။—၂ ကောရိန္သု ၂:၇ခေတ်သုံးကျမ်းစာ။

 အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက် ဘာကြောင့် ဖြစ်ပေါ်နိုင်သလဲ

 အကြောင်းရင်း အမျိုးမျိုးကြောင့် အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက် ဖြစ်ပေါ်နိုင်တယ်။ ချစ်ခင်ရသူတစ်ဦးကို စိတ်နာအောင် လုပ်မိလို့ ဒါမှမဟုတ် လုပ်သင့်တာကို မလုပ်လိုက်မိလို့ ဖြစ်နိုင်တယ်။ တကယ် အပြစ်မရှိဘဲ အပြစ်ရှိတယ်လို့ ခံစားနေရတာမျိုးလည်း ရှိနိုင်တယ်။ ဥပမာ၊ လက်တွေ့မကျတဲ့၊ လက်လှမ်းမမီနိုင်တဲ့ စံနှုန်းတွေ သတ်မှတ်မယ် ဆိုပါစို့။ မပြည့်မီတဲ့အခါတိုင်း အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက် ဖြစ်ပေါ်လာနိုင်တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် တော်သင့်ရုံ မျှော်လင့်ဖို့ ကျမ်းစာ အားပေးထားခြင်း ဖြစ်တယ်။—ဒေသနာ ၇:၁၆

 အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်ကို ဘယ်လို တိုက်လှန်ရမလဲ

 အပြစ်ရှိတယ်၊ သုံးစားလို့ မရဘူးဆိုပြီး ယူဆမယ့်အစား အဲဒီအမှားကို ပြုပြင်ဖို့ အတတ်နိုင်ဆုံး လုပ်ပါ။ ဘယ်လို လုပ်မလဲ။

  •   အမှားကို ဝန်ခံပါ။ ခွင့်လွှတ်ပေးဖို့ ယေဟောဝါ aဘုရားဆီ ဆုတောင်း အသနားခံပါ။ (ဆာလံ ၃၈:၁၈။ လုကာ ၁၁:၄) အမှန်တကယ် နောင်တရ ဝမ်းနည်းပြီး အမှား ထပ်မလုပ်မိအောင် အပြင်းအထန် ကြိုးစားရင် ဘုရား နားထောင်ပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။ (၂ ရာဇဝင်ချုပ် ၃၃:၁၃။ ဆာလံ ၃၄:၁၈) လူတွေက စိတ်နှလုံးကို မမြင်နိုင်ပေမဲ့ ဘုရားကတော့ မြင်နိုင်တယ်။ ‘ဘုရားသခင်ဟာ သစ္စာရှိပြီး ဖြောင့်မတ်တဲ့အရှင် ဖြစ်တဲ့အတွက်’ ကိုယ့်အမှားကို ပြုပြင်ဖို့ ကြိုးစားတာကို မြင်တဲ့အခါ ‘အပြစ်တွေကို ခွင့်လွှတ်ပေးတယ်။’—၁ ယောဟန် ၁:၉။ ပညာအလိမ္မာ ၂၈:၁၃

     တစ်ယောက်ယောက်ကို ပြစ်မှားမိတယ်ဆိုရင် မှားသွားကြောင်း အသိအမှတ်ပြုပြီး စိတ်ရင်းနဲ့ တောင်းပန်ဖို့ လိုတယ်။ လွယ်တော့ မလွယ်ဘူး။ သတ္တိနဲ့ နှိမ့်ချမှု လိုတယ်။ ဒါပေမဲ့ စိတ်ရင်းမှန်နဲ့ တောင်းပန်တာက အရေးကြီးတဲ့ အရာနှစ်ခုကို ပြီးမြောက်စေတယ်။ ထမ်းထားတဲ့ ဝန်ထုပ်ကြီးကို ပစ်ချလိုက်သလို စိတ်သက်သာရာရမယ်။ တခြားသူတွေနဲ့လည်း ပြန်သင့်မြတ်စေတယ်။—မဿဲ ၃:၈။ ၅:၂၃၊၂၄

  •   ဘုရားသခင့် ကရုဏာအကြောင်း ဖော်ပြတဲ့ ကျမ်းပိုဒ်တွေကို ပြန်စဉ်းစားပါ။ ဥပမာ၊ ၁ ယောဟန် ၃:၁၉၊ ၂၀ ကို သုံးသပ်ကြည့်ပါ။ “အပြစ်ရှိတယ်လို့ စိတ်ထဲ ခံစားရ” နိုင်တယ်လို့ ကျမ်းစာ ဆိုတယ်။ ဘုရားမေတ္တာနဲ့ မထိုက်တန်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် မညှာမတာ ရှုမြင်တာမျိုး ဖြစ်တယ်။ ဒါပေမဲ့ “ဘုရားသခင်ဟာ ကျွန်တော်တို့ရဲ့ စိတ်နှလုံးထက် ပိုကြီးမြတ်တယ်” လို့ ဆက်ဖော်ပြတယ်။ ဘယ်လိုနည်းနဲ့လဲ။ ကျွန်တော်တို့အကြောင်း ဘုရား အားလုံး သိပြီး ကျွန်တော်တို့ရဲ့ ခံစားချက်၊ အားနည်းချက်တွေကို နားလည်တယ်လို့ ဆိုလိုတယ်။ ကျွန်တော်တို့ဟာ မစုံလင်သူတွေအဖြစ် မွေးဖွားလာပြီး အမှား လုပ်မိတတ်ကြောင်းလည်း သိတယ်။ b (ဆာလံ ၅၁:၅) ဒါကြောင့် လုပ်မိတဲ့ အမှားကြောင့် အမှန်တကယ် ဝမ်းနည်းသူတွေကို ဘုရားသခင် မပစ်ပယ်ပါဘူး။—ဆာလံ ၃၂:၅

  •   အတိတ်မှာပဲ ပိတ်မိမနေပါနဲ့။ မကောင်းမှုတွေ လုပ်ခဲ့ပြီး နောက်ပိုင်း ပြုပြင်ပြောင်းလဲခဲ့ကြတဲ့ အမျိုးသား/သမီးများစွာအကြောင်း ကျမ်းစာမှာ ပါတယ်။ တစ်ယောက်ကတော့ တမန်တော် ပေါလု ဖြစ်လာတဲ့ တာရှုမြို့သား ရှောလုပါ။ ဖာရိရှဲဘဝတုန်းက ယေရှုနောက်လိုက်တွေကို အကြီးအကျယ် နှိပ်စက်ခဲ့တယ်။ (တမန်တော် ၈:၃။ ၉:၁၊ ၂၊ ၁၁) တကယ်တော့ ဘုရားသခင်နဲ့ ခရစ်တော်လို့ ခေါ်တဲ့ မေရှိယကို ဆန့်ကျင်နေမှန်း သိသွားတဲ့အခါ နောင်တယူပြီး ပြောင်းလဲခဲ့တယ်။ ဒီလိုနဲ့ ခရစ်ယာန်တွေအတွက် စံနမူနာယူထိုက်သူ ဖြစ်လာတယ်။ အတိတ်လုပ်ရပ်တွေကြောင့် ပေါလု စိတ်ထိခိုက်မိပေမဲ့ အတိတ်မှာပဲ တဝဲလည်လည် မနေခဲ့ဘူး။ ဘုရားရဲ့ မဟာကရုဏာကို သိရှိခံစားရပြီးနောက် ထက်သန်တဲ့ ဟောပြောသူ ဖြစ်လာခဲ့ပြီး ထာဝရအသက် မျှော်လင့်ချက်ကို ဘယ်တော့မှ မျက်ခြည်မပြတ်ခဲ့ဘူး။—ဖိလိပ္ပိ ၃:၁၃၊ ၁၄

 အပြစ်ရှိတယ်လို့ ခံစားရခြင်း၊ ခွင့်လွှတ်ခြင်းအကြောင်း ဖော်ပြတဲ့ ကျမ်းပိုဒ်များ

 ဆာလံ ၅၁:၁၇ “အို ဘုရားသခင်၊ ကျိုးပဲ့ကြွေမွတဲ့ စိတ်နှလုံးကို ကိုယ်တော် မပစ်ပယ်ပါဘူး။”

 အဓိပ္ပာယ်။ ဘုရားကို စိတ်ထိခိုက်အောင် လုပ်မိလို့ တကယ် နောင်တရရင် လုပ်ခဲ့တဲ့ အမှားအတွက် ကိုယ့်ကို ဘုရားသခင် ငြင်းပယ်မှာ မဟုတ်ဘူး။ ကရုဏာ ပြတယ်။

 ပညာအလိမ္မာ ၂၈:၁၃ “ကိုယ့်အမှားကို ဖုံးကွယ်ထားတဲ့သူက အောင်မြင်မှာ မဟုတ်ဘူး။ အမှားကို ဝန်ခံပြီး စွန့်လွှတ်သူကတော့ ကရုဏာ ခံစားရလိမ့်မယ်။”

 အဓိပ္ပာယ်။ ဘုရားရှေ့ ကိုယ့်အမှားကို ဝန်ချတောင်းပန်ပြီး ပြောင်းလဲရင် ဘုရား ခွင့်လွှတ်ပေးမယ်။

 ယေရမိ ၃၁:၃၄ “သူတို့အမှားကို ငါခွင့်လွှတ်မယ်။ သူတို့အပြစ်ကို သတိရမှာ မဟုတ်ဘူး။”

 အဓိပ္ပာယ်။ ဘုရားဟာ ခွင့်လွှတ်လိုက်ပြီးဆိုရင် အဲဒီအမှားကို ပြန်မဖော်တော့ဘူး။ ဘုရားရဲ့ ကရုဏာဟာ စစ်မှန်တယ်။

a ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ နာမည် ဖြစ်တယ်။—ထွက်မြောက်ရာ ၆:၃

b ပထမလူသား အာဒံဆီကနေ အမွေရထားတဲ့ အပြစ်ကြောင့် ကျွန်တော်တို့မှာ အမှားလုပ်ချင်တဲ့စိတ် မွေးကတည်းက ပါလာတယ်။ အာဒံနဲ့ ဧဝဟာ ဘုရားကို ပြစ်မှားခဲ့ကြလို့ ကိုယ်တိုင်ရော သားစဉ်မြေးဆက်တွေပါ ပြည့်ဝစုံလင်တဲ့ အသက် ဆုံးရှုံးခဲ့ရတယ်။—ကမ္ဘာဦး ၃:၁၇-၁၉။ ရောမ ၅:၁၂