မာတိကာဆီ ကျော်သွား

အပြစ်ဆိုတာ ဘာလဲ

အပြစ်ဆိုတာ ဘာလဲ

ကျမ်းစာအဖြေ

 ဘုရားသခင့်စံနှုန်းတွေနဲ့ ဆန့်ကျင်တဲ့ အပြုအမူ၊ ခံစားချက်၊ အတွေးအခေါ်အားလုံးဟာ အပြစ်ဖြစ်တယ်။ ဘုရားသခင့်အမြင်မှာ မှားယွင်းတဲ့အရာကိုကျူးလွန်ပြီး ဘုရားသခင့်ပညတ်တွေကို ချိုးဖောက်တာလည်း အပြစ်ပဲ။ (၁ ယောဟန် ၃:၄; ၅:၁၇) မှန်ရာကိုသိရက်နဲ့ မလုပ်ဘဲ တမင်တကာကျူးလွန်တဲ့ အပြစ်အကြောင်းကိုလည်း ကျမ်းစာမှာ ဖော်ပြထားတယ်။​—ယာကုပ် ၄:​၁၇

 ကျမ်းစာရဲ့ မူရင်းဘာသာစကားတွေမှာ အပြစ်လို့ပြန်ဆိုတဲ့ စကားလုံးတွေဟာ “ပစ်မှတ်လွဲချော်တယ်” ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ ဥပမာ၊ ရှေးခေတ်အစ္စရေးစစ်သားအုပ်စုတစ်စုဟာ လောက်လွှဲပစ်တဲ့နေရာမှာ သိပ်ကျွမ်းကျင်လို့ ပစ်မှတ်ကို “မလွဲအောင်ပစ်နိုင်” ကြတယ်။ အဲဒီအသုံးအနှုန်းကို စာသားအတိုင်းပြန်ဆိုရင် “အပြစ်မပြုဘူး” ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ (တရားသူကြီး ၂၀:၁၆သမ) ဒါကြောင့် အပြစ်ပြုတယ်ဆိုတာက ဘုရားသခင်ရဲ့စုံလင်တဲ့ စံနှုန်းအတိုင်းမသွားဘဲ လွဲချော်သွားခြင်းဖြစ်တယ်။

 ဘုရားသခင်ဟာ ဖန်ဆင်းရှင်ဖြစ်လို့ လူသားတွေအတွက် စံနှုန်းချမှတ်ပိုင်ခွင့်ရှိတယ်။ (ဗျာဒိတ် ၄:၁၁) ကိုယ့်ရဲ့လုပ်ရပ်အတွက် ဘုရားသခင်နဲ့ စာရင်းရှင်းရမှာဖြစ်တယ်။​—ရောမ ၁၄:၁၂

ဘာအပြစ်မှမလုပ် စင်းလုံးချောဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား

 မဖြစ်နိုင်ပါဘူး။ “လူအပေါင်းတို့သည် ပြစ်မှား၍ ဘုရားသခင်၏ဘုန်းတော်ကိုမမီကြ” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ရောမ ၃:၂၃; ၃ ဓမ္မရာဇဝင် ၈:၄၆; ဒေသနာ ၇:၂၀; ၁ ယောဟန် ၁:၈) ဘာကြောင့် အဲဒီလိုဖြစ်ရတာလဲ။

 ပထမဆုံးလူသားတွေဖြစ်တဲ့ အာဒံနဲ့ဧဝတို့ဟာ အစမှာ အပြစ်မရှိသူတွေ ဖြစ်တယ်။ ဘုရားသခင်ရဲ့ပုံသဏ္ဌာန်နဲ့အညီ ဖန်ဆင်းခံရလို့ စုံလင်သူတွေ၊ အပြစ်မဲ့သူတွေ ဖြစ်တယ်။ (ကမ္ဘာဦး ၁:၂၇) ဒါပေမဲ့ သူတို့ ဘုရားသခင့်စကားနားမထောင်ခဲ့လို့ စုံလင်မှုကိုလက်လွတ်ဆုံးရှုံးသွားပြီး အပြစ်သားတွေ ဖြစ်လာတယ်။ (ကမ္ဘာဦး ၃:၅၊ ၆၊ ၁၇–၁၉) သားသမီးတွေမွေးဖွားလာတဲ့အခါ သူတို့သားသမီးတွေမှာ မွေးရာပါချို့ယွင်းချက်ဖြစ်တဲ့ အပြစ်နဲ့ မစုံလင်မှုပါလာတယ်။ (ရောမ ၅:၁၂) အစ္စရေးဘုရင်ဒါဝိဒ်ပြောခဲ့သလိုပဲ “အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက်ရှိပါ၏။”​—ဆာလံ ၅၁:၅

တချို့အပြစ်တွေက အပြစ်ပိုကြီးသလား

 အပြစ်ပိုကြီးတယ်။ ဥပမာ၊ ရှေးခေတ် သောဒုံမြို့သားတွေဟာ “ဆိုးသောသူ၊” “အလွန်အပြစ်များသောသူ” တွေဖြစ်လို့ သူတို့ရဲ့အပြစ်က “အလွန်” ကြီးတယ်။ (ကမ္ဘာဦး ၁၃:၁၃; ၁၈:၂၀) ကြီးလေးတဲ့အပြစ်လို့ သတ်မှတ်နိုင်တဲ့ အချက်သုံးချက်ကို သုံးသပ်ကြည့်ပါ။

  1.  ၁။ ကြီးမားပြင်းထန်မှု။ လိင်အကျင့်ယိုယွင်းခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊ ခိုးခြင်း၊ သောက်ကြူးခြင်း၊ လုယက်ခြင်း၊ လူ့အသက်သတ်ခြင်းနဲ့ နတ်ဝိဇ္ဇာအတတ်လိုက်စားခြင်းစတဲ့ ကြီးလေးတဲ့အပြစ်တွေကိုရှောင်ဖို့ ကျမ်းစာမှာ တိုက်တွန်းထားတယ်။ (၁ ကောရိန္သု ၆:၉–၁၁; ဗျာဒိတ် ၂၁:၈) သမ္မာကျမ်းစာမှာ အဲဒီအပြစ်တွေကို မစဉ်းစားမဆင်ခြင်ဘဲ မရည်ရွယ်ဘဲပြောမိတာ၊ လုပ်မိတာကြောင့် တခြားသူကိုထိခိုက်နာကျင်စေတဲ့ အပြစ်တွေနဲ့ ခွဲခြားဖော်ပြထားတယ်။ (သုတ္တံ ၁၂:၁၈; ဧဖက် ၄:၃၁၊ ၃၂) ဒါပေမဲ့ ဘယ်အပြစ်ကိုမဆို ပေါ့ပေါ့တန်တန်သဘောမထားဖို့ ကျမ်းစာမှာတိုက်တွန်းထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အပြစ်က ဘုရားသခင့်ပညတ်တွေကို ဂရုမစိုက်ချိုးဖောက်မိစေနိုင်တဲ့ အစပျိုးခြေလှမ်းဖြစ်လို့ပဲ။​—မဿဲ ၅:၂၇၊ ၂၈

  2.  ၂။ သဘောထား။ ဘုရားသခင့်တောင်းဆိုချက်တွေကိုမသိလို့ တချို့အပြစ်တွေကို ကျူးလွန်မိတာ ဖြစ်တယ်။ (တမန်တော် ၁၇:၃၀; ၁ တိမောသေ ၁:၁၃) ဘုရားသခင့်ပညတ်တွေကို သိလျက်နဲ့ တမင်တကာကျူးလွန်တဲ့အပြစ်တွေကို မသိလို့လုပ်မိတဲ့အပြစ်တွေနဲ့ ကျမ်းစာမှာ ခွဲခြားဖော်ပြထားတယ်။ (တောလည်ရာ ၁၅:၃၀၊ ၃၁) တမင်တကာ ကျူးလွန်တဲ့အပြစ်တွေက “ဆိုးသောစိတ်နှလုံး” ကနေ ထွက်လာတာဖြစ်တယ်။​—ယေရမိ ၁၆:၁၂

  3.  ၃။ ပြစ်မှားတဲ့အကြိမ် အရေအတွက်။ တစ်ကြိမ်တစ်ခါကျူးလွန်မိတဲ့အပြစ်နဲ့ ထပ်ခါထပ်ခါ အပြစ်လုပ်တာက ကွာခြားကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ ယောဟန် ၃:၄–၈) မှန်ရာကို လုပ်ရမယ်ဆိုတာ သိပြီးနောက်မှာတောင် “စိတ်လိုကိုယ်လျောက် အပြစ်ပြုကျင့်” နေသူတွေကို ဘုရားသခင် ပြစ်ဒဏ်စီရင်မှာ ဖြစ်တယ်။​—ဟေဗြဲ ၁၀:၂၆၊ ၂၇

 ကြီးလေးတဲ့အပြစ်ကျူးလွန်သူဟာ သူ့အမှားကြောင့် စိုးရိမ်သောကရောက်ပြီး ဝန်ပိနေသလို ခံစားရနိုင်တယ်။ ဥပမာ၊ ဘုရင်ဒါဝိဒ် ဒီလိုရေးခဲ့တယ်– “အကျွန်ုပ်ပြုမိသောဒုစရိုက်တို့သည် အကျွန်ုပ်ခေါင်းကိုလွှမ်းမိုး၍ လေးသောဝန်ကဲ့သို့ အကျွန်ုပ်မထမ်းနိုင်အောင် လေးကြပါ၏။” (ဆာလံ ၃၈:၄) ဒါပေမဲ့ ကျမ်းစာမှာ ဒီမျှော်လင့်ချက်ပေးထားပါတယ်– “ဆိုးသောသူသည် မိမိလမ်းကိုလည်းကောင်း၊ မတရားသောသူသည် မိမိအကြံတို့ကိုလည်းကောင်း စွန့်ပစ်၍ ထာဝရဘုရားထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် သနားတော်မူလိမ့်မည်။ ငါတို့ဘုရားသခင့်ထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် အထူးသဖြင့် အပြစ်ကိုလွှတ်တော်မူလိမ့်မည်။”​—ဟေရှာယ ၅၅:၇